ဆွာချောင်းတမံ၏ ရေပိုလွှဲလက်တံမြောင်းနံရံ ပြိုကျမှုကြောင့် အမြန်လမ်းရေကျော်ပြီး ယာဉ်သွားလာမှု ပိတ်ထားရ

ဆွာချောင်းတမံ၏ ရေပိုလွှဲလက်တံမြောင်းနံရံ ပြိုကျမှုကြောင့် အမြန်လမ်းရေကျော်ပြီး ယာဉ်သွားလာမှု ပိတ်ထားရ
Published 29 August 2018

ပဲခူးတိုင်းဒေသကြီး၊ ဆွာချောင်းတမံ၏ ရေပိုလွှဲ လက်တံမြောင်းနံရံ ပြိုကျမှုကြောင့် ရေများထိုးဆင်းလျက်ရှိပြီး အမြန်လမ်း ၁၆၆ မိုင် ဝန်းကျင်တွင် ရေကျော်လျက်ရှိပြီး ယာဉ်သွားလာမှု ယာယီပိတ်ထားရကြောင်း ဆည်မြောင်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဆွာချောင်းတမံ ရေပိုလွှဲဆည်အတွင်းဘက်နံရံ ပြိုကျမှုကြောင့် ဆွာချောင်းတစ်လျှောက်ရေများ ဆင်းလာလျက်ရှိပြီး ကျွန်းတောစု၊ ဥယျာဉ်မှူးနှင့် ချောင်းတစ်လျှောက်ကျေးရွာများ ရေဝင်နစ်မြုပ်လာခြင်းကြောင့် ကျေးရွာများရှိ ဒေသခံများ ရေလွှတ်ရာသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် လိုအပ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆွာမြို့သို့ ရေဘေးအန္တရာယ်ကြောင့် ထွက်ပြေးလာကြသူ လူဦးရေ ထောင်ဂဏန်းခန့်ရှိနေပြီး ကယ်ဆယ်ရေး စခန်းများ လိုအပ်လျက်ရှိကြောင်း ကနဦး ရရှိသော သတင်းများအရ သိရသည်။

ဆွာဆည်တမံသို့ မြို့နယ်အဆင့်တာဝန်ရှိသူများ သွားရောက် စစ်ဆေးလျက်ရှိကာ ဆွာမြို့ပေါ်အထိ ရေများရောက်ရှိနိုင်ကြောင်း ဆည်မြောင်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဆွာချောင်းတမံ ရေပိုလွှဲဆည်အတွင်းဘက်နံရံ ပြိုကျမှုကြောင့် အမြန်လမ်း မိုင်တိုင် ၁၆၅/၁ ရှိ ဆွာချောင်းတံတားကြီး ကျိုးကျတော့မည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး မိုင်တိုင် ၁၆၆ ဝန်းကျင်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

ဆွာချောင်းတမံ၏ အခြေအနေနှင့် ဆွာချောင်း အနီးဝန်းကျင်ရှိ ဒေသခံများ ရွှေ့ပြောင်းနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ဆက်လက်စုံစမ်း ရရှိသည့် သတင်းများကိုလည်း Eleven Media Group မှ ဆက်လက် ဖော်ပြပေးသွားပါမည်။

Most Read

Most Recent