ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေများလာသဖြင့် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာ

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေများလာသဖြင့် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာ
Published 29 July 2018

ဘီးလင်းမြို့အတွင်း ရေကြီးနစ်မြုပ်နေမှုအား ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေ များလာသဖြင့် ဇူလိုင် ၂၈ ရက် ညဉ့်နက်ပိုင်းတွင် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့တွင် ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက် နံနက် ၀၀  နာရီ မိနစ် ၃၀ က မေးမြန်းရာ “ဟုတ်ပါတယ်။ တောင်ကျရေများလာတယ်။ တောင်ပြိုတာလည်းဖြစ်တော့ ရေထပ်တိုးလာနိုင်တဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာဖြစ်တာပါ။ လက်ရှိတက်နေတဲ့ ရေထက် မြင့်တက်လာနိုင်တဲ့အနေအထားရှိလို့ ပြောင်းရွှေ့ဖို့လုပ်နေတာပါ။ အရေးပေါ်အခြေအနေ ကြေညာထားတာကို ဘီးလင်းက ပြည်သူတွေကို စက်တွေနဲ့လိုက်အော်ပြီး အသိပေးနေပါတယ်။ ညဘက်ကြီးဖြစ်ပြီး လျှပ်စစ်မီး မရှိတော့ ဓာတ်မီးတွေနဲ့ပဲ ကယ်တယ်ရေးလုပ်နေရတယ်” ဟု ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အတည်ပြုပြောကြားသည်။

“အရေးပေါ်အခြေအနေ ကြေညာတာမဟုတ်ပါဘူး။ အရေးပေါ်ဖြစ်နေတာပါ။ တောင်ကျရေကျလာလို့ သွားကယ်နေကြပြီ။ လူတော်တေ်ာများလို့ အဲဒီမှာ။ လူ ၃၀၀ ကျော်လောက်ရှိတယ်။ ဘီးလင်းနတ်ကြီးမှာ ဖြစ်တာ။ ရွာက ရှမ်းစုရွာမှာ ၁၀၀ကျော်တယ်။ ကော့တစ် (လွှတ်တော်ကိုယ်စားလှယ်၏ အသံထွက်အတိုင်း) မှာ ၁၃၀၊ ရွာမမှာ ၁၀၀ ကျော်ရှိနေပြီ။ ဘင်ဘန်းတောင်က ရေစီးနဲ့ပြိုကျလို့ပါ။ နတ်ကြီး ဖာပွန်ဆိုတာ ကရင်ပြည်နယ်နဲ့ နီးတယ်။ ဘီးလင်းအပေါ်ဘက်က အဲဒီနေရာက ဘင်ဘန်းတောင်ကပြိုကျတာ။ ရေတွေက ရွာထဲကို လှိမ့်ဝင်လာတာ။ ရွာသားတွေက ကုန်းပေါ်ကိုပြေးတက်ကြပါတယ်။ ကယ်ဆယ်ရေးက စက်လှေတွေလည်း သွားနေပါပြီ။ အိမ်တွေက အကုန်မြုှပ်နေပြီ။ နတ်ကြီးရွာတစ်ရွာလုံးက ရေမြုပ်သွားပြီ။ ကယ်ဆယ်ရေးအတွက် တပ်မတော်၊ လူကယ်ပြန်၊ အခြားလူမှုအဖွဲ့အစည်းတွေရှိမယ်။ အန်အယ်လ်ဒီ အဖွဲ့တွေရှိမယ်”  ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

Most Read

Most Recent