မြရိပ်ညိုစီမံကိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ သဘောတူညီမှုဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ကုက္ကိုင်းရေလှောင်ကန်နှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရန် စီစဉ်ထားကြောင်း ဇေကမ္ဘာတာဝန်ရှိသူဆို

မြရိပ်ညိုစီမံကိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ သဘောတူညီမှုဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ကုက္ကိုင်းရေလှောင်ကန်နှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရန် စီစဉ်ထားကြောင်း ဇေကမ္ဘာတာဝန်ရှိသူဆို
Published 5 June 2018

မြရိပ်ညိုစီမံကိန်း အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို အထပ်မြင့်စီမံကိန်းမှာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ သဘောတူညီမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုက္ကိုင်းရေလှောင်ကန်နှင့် ပတ်သက်၍ လုံခြုံစိတ်ချရသည့် အစီအစဉ်များဖြင့် ဆက်လက် လုပ်ဆောင်နေကြောင်း အဆိုပါစီမံကိန်းအား တာဝန်ယူဆောင်ရွက်နေသည့် ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးထွန်းဝင်းဟန်က ပြောကြားသည်။

မြရိပ်ညို အထပ်မြင့်စီမံကိန်း၏ လက်ရှိအခြေအနေများနှင့် မည်သည့်ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်ပြီး The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ဦးထွန်းဝင်းဟန်က စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းပြီး ဆက်လက် လုပ်ကိုင်နေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“စီမံကိန်းကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းပြီး ဆက်လုပ်နေတယ်ပေ့ါ။ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ Retaining Wall ကို အရင်လုပ်နေတယ်။ သဘောတူညီမှုကို ရန်ကုန်တိုင်းဒေသကြီးကနေ ၂၀၁၇ ဇွန်လောက်မှာ တင်ပြီးတော့ ဦးဖြိုးမင်းသိန်းနဲ့ တွေ့တယ်။ ဇွန်၊ ဇူလိုင်မှာ Timeline Time Schedule နဲ့ ဆက်လက် ဆောင်ရွက်တယ်” ဟု ဦးထွန်းဝင်းဟန်က ပြောကြားသည်။

မြရိပ်ညို အထပ်မြင့်စီမံကိန်းနှင့် ပတ်သက်၍ ဧပြီ ၂၈ ရက်မှ မေ ၂၈ ရက်အထိ တစ်လအတွင်း ဆက်လက် လုပ်ဆောင်ခြင်းမပြုရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအား ညွှန်ကြားထားသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနက ဇေကမ္ဘာ ဦးခင်ရွှေကို ငှားရမ်းထားသည့် စီမံကိန်းဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရနှင့် စည်ပင်က အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ် က ဇွန် ၁ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားထားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးအောင်ဆန်းဝင်းက စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်ဘက်နှင့် ဆွေးနွေးနေကြောင်း၊ စီမံကိန်း ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်ပြီး သိရှိခြင်းမရှိကြောင်း ပြောကြားထားသည်။

ကုက္ကိုင်း ရေလှောင်ကန်မှာ ၁၃ ဒသမ ၇၉၄ ဧကရှိသည့် မြရိပ်ညို အထပ်မြင့်စီမံကိန်းဧရိယာအတွင်း တည်ရှိနေပြီး ကုက္ကိုင်းရေလှောင်ကန် လုံခြုံစိတ်ချမှု ရှိစေရန်အတွက် စီမံကိန်း၏ ဆောက်လုပ်ရေးပိုင်းကို တာဝန်ယူ ဆောင်ရွက်နေသည့် တရုတ် ဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားထားသည့် CBP ၊ CSP စနစ်များအတိုင်း Retaining Wall ကို ဆောက်လုပ်လျက်ရှိပြီး အဆိုပါကိစ္စနှင့် ပတ်သက်ပြီး Third Party အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်နေသဖြင့် ရေလှောင်ကန်နှင့် ပတ်သက်၍ အများပြည်သူ စိုးရိမ်ရန်မလိုကြောင်း ဦးထွန်းဝင်းဟန်၏ ပြောကြားမှုအရ သိရသည်။

ထို့ပြင် အများပြည်သူ စိုးရိမ်နေသကဲ့သို့ ကုက္ကိုင်းရေလှောင်ကန်၏ ရေထိန်းနံရံ အက်ကွဲနေခြင်းမျိုး၊ အပိုရေစိမ့်အိုင် ဖြစ်ပေါ်နေခြင်းမျိုး မရှိကြောင်း ၊ ရေစိမ့်ထွက်မှု မရှိစေရန်အတွက် CSP Wall နှစ်လွှာဖြင့် ဆောက်ရွက်လျက် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့တော်စည်ပင်နဲ့ Third Party အနေနဲ့ပေါ့။ ညှိပြီးတော့ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ Retaining Wall တွေကို အရင်လုပ်နေတယ်။ Two Role ကျန်သေးတယ်။ အများပြည်သူ စိုးထိတ်စရာ မလိုဘူး။ CBP တွေဆို အလျားက ၃၅ မီတာလောက် ရှိတယ်။ CSP တွေလည်း ပါပါတယ်။ ရေစိမ့်မှု မရှိအောင်လည်း လုပ်ထားပါတယ်။ အပိုရေစိမ့်အိုင်တွေလည်း မရှိပါဘူး။ ရေကန်ကြီးကို လုံး၀ ရွေ့လျားမှု မရှိအောင် Retaining Wall ကို ၁၁၅ ပေအနက်၊ သုံးလွှာ၊ ပေ ၂၃၀ အရှည် နဲ့ လုပ်ထားပေးတယ်။ မြေလည်း ထိန်းပြီးတော့ ရေစိမ့်ထွက် မရှိအောင် CSP Wall ကို Two Role လုပ်ထားတယ်” ဟု ဦးထွန်းဝင်းဟန်က ပြောကြားသည်။

ရေထိန်းနံရံလုပ်ငန်း ဆောင်ရွက်နေသည့် နေရာမှာလည်း အများပြည်သူ စိုးရိမ်သကဲ့သို့ တောင်ကိုဖြိုချပြီး ပြုလုပ်နေခြင်း မဟုတ်ကြောင်း၊ မူလရှိပြီး ဖြစ်သည့် ချောက်အတွင်းမှ မလိုအပ်သည့် ပစ္စည်းများကို ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီဘက်မှ ကုက္ကိုင်းရေလှောင်ကန်နှင့် ပတ်သက်ပြီး လုံခြုံစိတ်ချမှုရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ စီမံကိန်း၏ စွန့်ပစ်ပစ္စည်းများကြောင့် ရေလှောင်ကန် ထိခိုက်မှု မရှိစေရန်အတွက် တရုတ်နိုင်ငံမှ အဆင့်မီ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်း ဦးထွန်းဝင်းဟန်၏ ဆက်လက်ပြောကြားမှုအရ သိရသည်။

မေ ၃၁ ရက်တွင် မိုးများစွာ ရွာသွန်းခဲ့ပြီးနောက် ကုက္ကိုင်းရေလှောင်ကန် မြေအနေအထား ပျက်စီးမှုများကို အနီးရှိ ရပ်ကွက်နေပြည်သူများက မြင်တွေ့ခဲ့ပြီး ရေလှောင်ကန် ပြိုကျမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း ကုက္ကိုင်း ရိပ်သာလမ်းတွင် နေထိုင်သည့် ဦးဝင်းဗိုလ်၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် အနီးရှိ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ကုက္ကိုင်းရေလှောင်ကန်နှင့် ပတ်သက်ပြီး ယခုလအတွင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ကုက္ကိုင်းရေလှောင်ကန်နှင့် ပတ်သက်ပြီး သတင်းစာရှင်းပွဲ တစ်ခုလောက်ကို နောက်တစ်ပတ်လောက်မှာ လုပ်ဖို့အစီအစဉ် ရှိပါတယ်” ဟု ဦးဝင်းဗိုလ်က ပြောကြားသည်။

Most Read

Most Recent