နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး အဆောက်အအုံ မဆောက်လုပ်ရဇုန်အတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖျက်သိမ်းရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်အား တောင်းဆို

နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး အဆောက်အအုံ မဆောက်လုပ်ရဇုန်အတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖျက်သိမ်းရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်အား တောင်းဆို
Published 19 May 2018

ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဧည့်ဂေဟာတွင် မေ ၁၇ ရက်က ပြုလုပ်နေစဉ်(ဓာတ်ပုံ- Dhaka Tribune)

နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး အဆောက်အအုံ မဆောက်လုပ်ရဇုန်အတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖျက်သိမ်းပစ်ရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း မေ ၁၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ ဒုတိယအကြိမ် ပူးတွဲလုပ်ငန်း အဖွဲ့ အစည်းအဝေးကို မေ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဧည့်ဂေဟာတွင် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဒုတိယအကြိမ် ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာရှာ ဟီဒူလ်ဟတ်ခ်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူးတွဲအစည်းအဝေး တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရသည်။

ယင်း အစည်းအဝေးတွင် ပြန်လည်ဝင်ရောက်လာသူများအတွက် အဆင်ပြေစေမည့် ပတ်ဝန်းကျင် ဖန်တီးထားရှိမှု အခြေအနေ၊ လုံခြုံရေးအစီအမံများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ၏ လက်ရှိအခြေအနေ၊ နိုင်ငံတကာ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများနှင့် လူမှုအသိုက်အဝန်းနှစ်ခုအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် ပြန်လည်ဝင်ရောက်လာမည့်သူများအကြား ဘင်္ဂလားဒေ့ရှ်ဘက်မှ သတင်းအချက်အလက်များ ဖြန့်ဝေဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပြန်လည်ခေါ်ယူရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်နိုင်မှု အခြေအနေတို့နှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က UEHRD လုပ်ငန်းစဉ်များ အပါအဝင် ပြန်လည်လက်ခံရေးအတွက် စီစဉ်ထားရှိမှုများ၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း စိစစ်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးမှု အခြေအနေနှင့် ပြန်လည်ခေါ်ယူရေး၊ နေရာချထားရေးနှင့် ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆွေးနွေးနေမှု အခြေအနေများကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် စိစစ်ပြီး နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရန် ကြိုးပမ်းဆောင်ရွက်ထားရှိမှုနှင့် အဆင်သင့်ဖြစ်နေမှုများကို ထပ်လောင်းပြောကြားခဲ့ပြီး၊ ယခင်ပေးပို့ထားသည့် စိစစ်အတည်ပြုပြီး မူဆလင် ၇၇၈ ဦးနှင့် ဟိန္ဒူ ၄၄၄ ဦးအပြင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက်မှ လက်ခံရရှိခဲ့သည့် ၈၀၃၂ ဦးအနက် (၂၀၁၈ ခုနှစ် မေ ၂ ရက် နေ့အထိ) စိစစ်ပြီး ၁၁၀၁ ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် စတင်ရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ၁၉၉၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နတ်မြစ်မြောက်ပိုင်း ကုန်းနယ်နိမိတ် သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ ပါ အချက်ကို ချိုးဖောက်လျက် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး အဆောက်အအုံမဆောက်လုပ်ရ ဇုန်အတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖျက်သိမ်းပစ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့် စိစစ်ရေးပုံစံများနှင့်ပတ်သက်၍ ပြန်လည်ဝင်ရောက်မည့်သူ များအကြား နားလည်သဘောပေါက်မှု မြှင့်တင်ရန် ဆောင်ရွက်သွားမည့် အစီအမံများ အပါအဝင် ဘင်္ဂလားဒေ့ရှ်ဘက်၌ ကြားစခန်းများ ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် စဉ်ဆက်မပြတ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ အသိုက်အဝန်းများအကြား သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ရရှိစေရန် ပတ်ဝန်းကျင် ဖန်တီးရာတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားရန် မြန်မာကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နှစ်ဖက် အပြန်အလှန်နားလည်မှု၊ ဓမ္မဓိဋ္ဌာန်ကျကျ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုနှင့် နှစ်နိုင်ငံ သဘောတူညီချက်များကို လေးစားလိုက်နာရေးသည် ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်တွင် ကောင်းမွန်သောရလဒ်များ ရရှိစေမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအား နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပမည့် နေ့ရက် နှင့်အချိန်တို့အား သံတမန်လမ်းကြောင်းမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent