ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူများက ပြန်လည် ခိုးဝင်လာပြီး ဘူးသီးတောင်မြို့နယ်အတွင်း နေအိမ်ဆောက်လုပ် နေထိုင်မှု အများအပြားရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူများက ပြန်လည် ခိုးဝင်လာပြီး ဘူးသီးတောင်မြို့နယ်အတွင်း နေအိမ်ဆောက်လုပ် နေထိုင်မှု အများအပြားရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
Published 17 May 2018

ဂူတာပြင်ကျေးရွာတွင် ခိုးဝင်ပြီး အိမ်အသစ် ဆောက်လုပ်ထားသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

၂၀၁၇ သြဂုတ် ၂၅ ရက်က လက်နက်ကိုင်စခန်းပေါင်း ၃၀ ကျော်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားကြပြီးနောက် ယခုလပိုင်းများအတွင်း ဘူးသီးတောင်မြို့နယ်အတွင်းသို့ တိတ်တဆိတ် ပြန်လည် ဝင်ရောက်လာကာ နေအိမ်ဆောက်လုပ်နေထိုင်မှု အများအပြား ရှိနေကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ဂူတာပြင်ရွာဟာ သြဂုတ်လအတွင်းက စခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ရွာဖြစ်တယ်။ အဲဒီရွာကလည်း အားလုံး ထွက်ပြေးသွားတယ်။ ဒါပေမဲ့ အခု အိမ်သစ် ဆောက်လုပ်နေတာ အိမ်ခြေ ၆၀ နီးပါး ရှိနေပြီဖြစ်တယ်။ ဒါကို အစိုးရက မသိဘူး လုပ်နေတယ်။ ဒီလိုဆောက်ခွင့် ရတာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိနေတယ်လို့ သိရတယ်။ အထူးသဖြင့် ညောင်ချောင်းစခန်းက တာဝန်ရှိသူတွေ အလိုတူအလိုပါ လုပ်နေတယ်လို့ သိရတယ်။ ပြဿနာဖြစ်တိုင်းလည်း အဲဒီရွာက စတင်ခဲ့တာ ရှိတယ်။ ဂူတာပြင်နဲ့ စိမ့်ညှင်းပြားရွာမှာ တစ်ယောက်မှ မရှိတော့ပေမယ့် အခုအိမ်တွေ ဆောက်နေတယ်ဆိုတာ တရားဥပဒေ စိုးမိုးမှု မရှိတာကို ပြသနေတာ ဖြစ်ပါတယ်။ သပိတ်တောင် ရခိုင်ရွာသားတွေကို ဝိုင်းထားလို့ စစ်ကူသွားရောက်ပြီး ကယ်ထုတ်ခဲ့ရတဲ့ အနေအထားမှာ ရှိခဲ့တယ်။ ဂူတာပြင်ရွာသားတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို လမ်းက ဖြတ်တိုက်ပြီးနောက် ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးသွားကြတဲ့အတွက် တစ်ယောက်မှ မရှိတော့တဲ့ ရွာဖြစ်တယ်။ အခုဆိုရင် ဓာတ်ပုံမှာ မြင်နေရသလို အိမ်တွေ ၆၀ နီးပါး ဖြစ်နေပြီ”ဟု ပြောကြားသည်။

သို့သော်လည်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားမဝင် ဝင်ရောက်နေထိုင်မှု ရှိသည်ဟု မသိရကြောင်း၊ တရားမဝင် ဝင်ရောက်လာပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ ဂူတာပြင်တွင် နေအိမ်များ ဆောက်လုပ်နေသည့် သတင်းအပေါ်လည်း အထက်သို့ တင်ပြထားကြောင်း ပြောကြားသည်။

ထို့ပြင် နယ်ခြားစောင့် တပ်ရင်းမှူးက “ကျွန်တော် သိထားသလောက်တော့ ဘင်္ဂလားဘက်က ခိုးဝင်တာ ဘာညာတော့ မရှိဘူးခင်ဗျ။ လွှတ်တော် ကိုယ်စားလှယ်တော့ ပြောတာပဲ။ ဘယ်လိုများ သိလို့လဲတော့ မသိဘူး။ ဂူတာပြင်ကတော့ ကျွန်တော်တို့ သဘောထား မှတ်ချက် ပေးထားပြီးသားပါ။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့အတွက် လုံခြုံရေးအရ ခွင့်မပြုဘူးလို့ မှတ်ချက်ပေးထားတာ ရှိတယ်။ ထွေအုပ်ကတော့ အကြောင်းကြားစာလည်း မလာဘူး။ မီးမလောင်ဘဲနဲ့ ကျန်ခဲ့တဲ့အိမ်တွေ ရှိတာပေါ့။ အဲဒီမှာ ပေါင်းပြီးနေကြတာတော့ ရှိတယ်။ ဒါပေမဲ့ အိမ်ဆောက်လုပ်ခွင့်တော့ ပြုမထားသေးဘူး”ဟု ပြောကြားသည်။

ဂူတာပြင်ကျေးရွာတွင် ခိုးဝင်ပြီး အိမ်အသစ် ဆောက်လုပ်ထားသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

ဘူးသီးတောင်မြို့နယ်အပြင် မောင်တောမြို့နယ်အတွင်း၌လည်း ထိုသို့ ခိုးဝင်နေထိုင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည့်အပြင် လူမှုကွန်ရက်များတွင်လည်း ရေးသားတင်ပြနေသည်ကို မြင်တွေ့ရသော်လည်း သက်ဆိုင်ရာဌာနများ အနေဖြင့် ပြတ်သားစွာ ပြောဆိုရန်နှင့် ပြတ်သားစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြမှုများ ရှိနေသည်။

“ဒေသခံ ပြည်သူတွေကလည်း ကျွန်တော့်ကို လှမ်းပြီးပြောနေကြတယ်။ ဘူးသီးတောင်နယ်မှာ အိမ်တွေ ဆောက်လုပ်နေတာကို မြင်ရတယ်လို့ ပြောတယ်။ ကျွန်းပေါက်ကျေးရွာမှာလည်း ဝင်ရောက်ပြီး အိမ်တွေ ဆောက်လုပ်နေကြပြီလို့ သိရတယ်။ ဒီလိုမျိုး နယ်စပ်ဖြတ်ကျော်သွားသူတွေကို လျစ်လျူရှုထားမယ်ဆိုရင် အကြမ်းဖက်မှုတွေ ထပ်ပြီး ဖြစ်လာနိုင်တယ်။ သူတို့ကို အမှီပြုပြီး အကြမ်းဖက်သမားတွေ ဝင်လာနိုင်တယ်။ အကြမ်းဖက်သမားတွေအတွက် အထောက်အပံ့ဖြစ်လာနိုင်သလို ကူညီသူလည်း ဖြစ်လာနိုင်တယ်။ ဒီကိစ္စဟာ ဒေသခံ တိုင်းရင်းသားတွေအတွက် အလွန်တစ်ရာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဂူတာပြင်ဆိုတာကလည်း အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ရွာဖြစ်တယ်။ စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ ရွာကို မီးရှို့ပြီး ထွက်ပြေးသွားကြတယ်။ အဲဒါကလည်း စစ်တပ်ကို အပြစ်ပုံချဖို့ လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်။ တစ်ယောက်မှ မကျန်တော့တဲ့ ရွာမှာ အခုလိုမျိုး နေအိမ်တွေ ဆောက်လုပ်နေတာ အထင်အရှား မြင်တွေ့နေရပေမယ့် မျက်စိမှိတ်ထားမယ်ဆိုရင် တိုင်းရင်းသားတွေ ထပ်ပြီး အသတ်ခံရနိုင်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာလဲလို့ မေးစရာ ဖြစ်နေပါတယ်။ တိုင်းရင်းသားအတွက် တရားဥပဒေ စိုးမိုးရေးဆိုတာ မရှိတော့တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြင်ပါတယ်”ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောကြားသည်။

ဂူတာပြင်ကျေးရွာတွင် ခိုးဝင်ပြီး အိမ်အသစ် ဆောက်လုပ်ထားသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

လက်ရှိအချိန်တွင် မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသော ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ပြီး လက်ခံနေသော်လည်း တရားဝင် ဝင်ရောက်လာသူ ဆယ်ဂဏန်းမျှသာ ရှိသေးသည့်တိုင် တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်နေထိုင်မှုများ ရှိနေသည်ကို အထင်အရှား မြင်တွေ့နေရကြောင်းနှင့် ၎င်းတို့အား ဥပဒေကြောင်းအရ အပြစ်ပေးမှုများ မရှိပါက မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်း အခြေချနေထိုင်နေကြသည့် တိုင်းရင်းသားများ အနေဖြင့် နေရပ်စွန့်ခွာမှု ပိုများလာနိုင်ကြောင်း သုံးသပ်ကြသည်။

“တိုင်းရင်းသားတွေအနေနဲ့ မောင်တောတောင်ပိုင်းက သင်္ဘောကွေ့ကျေးရွာမှာ အခြေချဖို့လုပ်တော့ အစိုးရဘက်က ဟန့်တားမှုတွေ လုပ်တယ်။ မီးလောင်ပြင်ဖြစ်လို့ နေထိုင်လို့ မရဆိုဘူးဆိုပြီး မောင်းထုတ်နေချိန်မှာ ဒီနေ့ ဂူတာပြင်ကျေးရွာမှာ ဆောက်လုပ်နေတဲ့ နေအိမ်တွေကို တွေ့ရခြင်းအားဖြင့် ဥပဒေဟာ တရားမဝင် လာရောက်နေထိုင်သူတွေကို အကာအကွယ်ပေးဖို့အတွက်သာ ဖြစ်နေသလားလို့ ထင်ရပါတယ်။ ခိုးဝင်ပြီး နေအိမ်ဆောက်လုပ်မှုတွေကို အမြန်ဆုံး အရေးယူဖို့ လိုအပ်နေပါတယ်။ ဒါဟာ သိပ်ပြီး အရေးကြီးတဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်”ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။

 

Most Read

Most Recent