မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်အား စစ်ဆေးရန် ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသည့် အဖွဲ့ဝင်ကိုးဦးပါ မြောက်ဦးဖြစ်စဉ် သီးခြားစုံစမ်းစစ်ဆေးရေး အဖွဲ့ကို မဲခွဲဆုံးဖြတ် အတည်ပြုခဲ့

မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်အား စစ်ဆေးရန် ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသည့် အဖွဲ့ဝင်ကိုးဦးပါ မြောက်ဦးဖြစ်စဉ် သီးခြားစုံစမ်းစစ်ဆေးရေး အဖွဲ့ကို မဲခွဲဆုံးဖြတ် အတည်ပြုခဲ့
Published 30 January 2018

မြောက်ဦးဖြစ်စဉ် သီးခြားစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း မဲခွဲဆုံးဖြတ် အတည်ပြုစဉ်

မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်အား စစ်ဆေးရန် ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသည့် အဖွဲ့ဝင်ကိုးဦးပါ မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်တွင်ပြုလုပ်ရာ ယင်းအစည်းအဝေးတွင် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်သဖြင့် ယင်းအဖွဲ့အား အတည်ပြု မပြုကို ဆွေးနွေးခဲ့ရာ လွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ ပြည်နယ်လွှတ်တော်၏ သဘောထားကိုရယူကာ ကန့်ကွက်သူရှိသည့်အတွက် မတ်တတ်ရပ် မဲခွဲဆုံးဖြတ်ခဲ့ရကြောင်း၊ မဲခွဲရာတွင် ထောက်ခံမဲ ၂၀ မဲ၊ ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေ လေးမဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကန့်ကွက်သူများမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစုဖြစ်ကြောင်း သိရသည်။

“ဘာကြောင့် ကန့်ကွက်တာလဲ ဆိုတာကို တစ်ခုတည်းပြောတာနဲ့စာလို့ရှိရင် ဒီလွှတ်တော်ရဲ့ အခြေအနေမှာ ဒီမြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အရေးပေါ် အစည်းအဝေး ခေါ်တာပေါ့နော်။ ခေါ်လိုက်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေထဲက ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ကန့်ကွက်တယ်လို့ ပြောခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့က ထောက်ခံခဲ့တယ်။ ဒါပေမဲ့ ဒီလွှတ်တော်ပိုင်းမှာ ဘာအကြောင်းကြောင့် ကန့်ကွက်ရလဲ။ ဘာအကြောင်းကြောင့် ဖြစ်ရလဲ ဆိုတာကို ပြောခဲ့တာ မရှိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ရဲ့လုပ်ပိုင်ခွင့်က ဟုတ်လား၊ မဟုတ်လား။ ဒါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သွားပြီးတော့ ပြဿနာ ရှိနေတာကိုး။ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်လား၊ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်လား။ အခုလိုဖြစ်သွားတဲ့ ကိစ္စတွေမှာ တကယ့်တကယ့်မှာဆိုရင် ပြည်ထောင်စု အစိုးရကနေပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့မယ်။ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမ္မတကဖွဲ့မယ်။ နိုင်ငံတော် အတိုင်ပင်ခံက ဖွဲ့မယ် စသဖြင့်ပေါ့နော်။ အဲဒီလို ပြည်ထောင်စုအဆင့်က ဖွဲ့ပြီးတော့ လုပ်ရမယ့်ကိစ္စ ဖြစ်တယ်လို့ မြင်တဲ့အတွက် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်” ဟု NLD ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်က ပြောကြားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့အား ဇန်နဝါရီ ၂၅ ရက်က ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး၊ ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များဆိုင်ရာ အကြံပေးအဖွဲ့ဝင် နှစ်ဦး၊ စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖွဲ့စည်းခြင်းမှာ ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် ၂၀၁၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၇ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ ၊ ၂၅ နှင့်ရခိုင်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂ ၊  နည်းဥပဒေ ခွဲ (က)၊ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မြောက်ဦးမြို့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စုံစမ်းရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် မျက်မြင်လူပုဂ္ဂိုလ်များကိုပါ စုံစမ်းစစ်ဆေးပြီး မှန်ကန်သည့် အချက်အလက်များကို ဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

“အဓိက စုံစမ်းမယ့်ဟာက ကျွန်တော်တို့ အဲဒီနေရာမှာ နှစ်ဖက်ရှိတယ်။ တစ်က ဆန္ဒထုတ်ဖော်တဲ့သူ၊ နောက်တစ်ခုက သံပန်းသံဇကာတွေကို ဖြိုဖျက်တယ်။ ပြီးတော့ ဆိုင်ကယ်တွေကားတွေကို ခဲတွေနဲ့ ပစ်ပေါက်တယ် ဆိုတဲ့ဟာတွေလည်း ကြားသိရတယ်။ ဒါတွေဟာ အမှန်တကယ် ဖြစ်ခဲ့သလား၊ ဖြစ်ခဲ့လို့ ရှိရင်လည်း တရားဥပဒေအရ အရေးယူပေါ့နော်။  နောက်တစ်ဖက်က လူစုဖြိုခွဲတဲ့အခါမှာ လူထုဖြိုခွဲပုံ အဆင့်ဆင့်အတိုင်း မဆောင်ရွက်ဘဲနဲ့ ကျည်စစ်ကျည်မှန်နဲ့ အဆင့်တွေကျော်ပြီး လုပ်တယ်လို့ ကြားနေရတယ်။ အဲ ဒါကြောင့် တစ်ဖက်မှာ အပြစ်ရှိသလို တစ်ဖက်မှာလည်း အပြစ်ရှိတယ်လို့ ထင်တယ်။ တစ်ဖက်ကို အပြစ်ချပြီးတော့ နောက်တစ်ဖက်ကို လွှတ်ထားမယ်ဆိုရင်လည်း ဒါဥပဒေနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် မျှမျှတတဖြစ်အောင် ဥပဒေ နည်းဥပဒေ အောက်မှာနေတဲ့သူတွေ အကုန်လုံးပေ့ါနော်။ ဒီဥပဒေတွေနဲ့ ကာကွယ်ရမှာ ဖြစ်သလို ဥပဒေကို ကျူးလွန်တဲ့သူတွေကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် ဖော်ထုတ်ပြီးတော့ အရေးယူသွားရမှာ ဖြစ်ပါတယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့အ တွင်းရေးမှူးဖြစ်သူ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

စုံစမ်းစစ်ဆေးမှုကို ဖေဖော်ဝါရီ ၃ ရက် တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမည့် အချိန်ကာလကို ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းရာကုန်းတွင် ၂၃၃ နှစ် မြောက်ရခိုင့် အချုပ်အခြာအာဏာ ကျရှုံးခြင်း ဝမ်းနည်းအောက်မိဖွယ် အခမ်းအနားကျင်း ပပြုလုပ်မည့် အစီအစဉ်ကို အာဏာပိုင်များက တားမြစ်ပိတ်ပင်သဖြင့် လူထုက ဆန္ဒထုတ်ဖော်ရာတွင် အာဏာပိုင်များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၁၂ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိခဲ့သည်။

 

Most Read

Most Recent