ဘင်္ဂါလီဒုက္ခသည်အရေးနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ပူးပေါင်းလုပ်ဆောင်မှုများ အောင်မြင်ရန် ဥရောပသမဂ္ဂ ကူညီပံ့ပိုးမည်

ဘင်္ဂါလီဒုက္ခသည်အရေးနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ပူးပေါင်းလုပ်ဆောင်မှုများ အောင်မြင်ရန် ဥရောပသမဂ္ဂ ကူညီပံ့ပိုးမည်
Published 21 November 2017

ဥရောပသမဂ္ဂ အီးယူအနေဖြင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များအရေးနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပူးပေါင်းလုပ်ဆောင်မှုများ အောင်မြင်ရန် ကူညီပံ့ပိုးပေးသွားမည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်၊ ဥရောပကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ Federica Mogherini က ပြောကြားသည်။

နိုဝင်ဘာ ၂၀ ရက်ကပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌ Federica Mogherini က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌ Federica Mogherini က ၎င်းအနေဖြင့် အေဆမ်အစည်းအဝေးမစတင်မီအချိန်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် ဒုက္ခသည်ပြဿနာများကိုဖြေရှင်းရန် အရေးကြီးသည့် ပထမအဆင့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစောပိုင်းဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ကိစ္စတွေကို မေးမြန်းခဲ့ပါတယ်။ မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့ ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ဒုက္ခသည်ပြဿနာတွေကိုဖြေရှင်းဖို့ အရေးကြီးတဲ့ ပထမအဆင့်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အီးယူအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပူးပေါင်းလုပ်ဆောင်မှုတွေ အောင်မြင်အောင် ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒုက္ခသည်စီးဆင်းမှုတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ခြင်းတွေဟာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ သင့်တော်တဲ့ လုပ်ဆောင်မှုတွေဆိုတာ ကျွန်မတို့ ယုံကြည်ပါတယ်။ အခုကိစ္စတွေကို အခုမနက်ပိုင်း ကနဦး အလွတ်သဘောဆွေးနွေးမှုအတွင်းမှာလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်” ဟု Federica Mogherini က ပြောကြားသည်။

ဆက်လက်၍ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ Federica Mogherini က အီးယူသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစွာ ကူညီထောက်ပံ့ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ကူညီအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံခြားရေးနှင့် လုံခြုံရေးရာမူဝါဒဆိုင်ရာ အီးယူအဆင့်မြင့်ကိုယ်စားလှယ်၊ ဥရောပကော်မရှင်၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ Federica Mogherini သည် နေပြည်တော်ရှိ MICC 1 တွင် ကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာရှ-ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEM) ၌ ဥရောပသံကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ တက်ရောက်နေခြင်းဖြစ်သည်။

အာရှ-ဥရောပဆွေးနွေးပွဲ (အေဆမ်) ကို အာရှနှင့် ဥရောပဒေသရှိနိုင်ငံများအကြား နှစ်ဖက်အကျိုးတူကိစ္စရပ်များတွင် ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ၁၉၉၆ ခုနှစ်မှ စတင်ကျင်းပလာခဲ့သည်။

Most Read

Most Recent