ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများအပေါ် ဆန့်ကျင်ကြောင်း ကျောင်းကုန်းမြို့တွင် လူအင်အား ၇၀၀၀ ကျော် ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများအပေါ် ဆန့်ကျင်ကြောင်း ကျောင်းကုန်းမြို့တွင် လူအင်အား ၇၀၀၀ ကျော် ဆန္ဒထုတ်ဖော်
Published 21 September 2017

အကြမ်းဖက်မှုများအပေါ် ဆန့်ကျင်ကြောင်း ကျောင်းကုန်းမြို့တွင် စက်တင်ဘာ ၂၀ ရက်က ဆန္ဒထုတ်ဖော်နေစဉ်

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေ တည်တံ့ရေးအတွက် စက်တင်ဘာ ၂၀ ရက်တွင် ကျောင်းကုန်းမြို့၌ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ လူအင်အား ၇၀၀၀ ကျော် စုဝေးဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်သူများသည် ကျောင်းကုန်းမြို့ပြင်ရှိ NIKO စားသောက်ဆိုင်အနီးရှိ လယ်ကွင်းပြင်တွင် စတင်စုဝေးကာ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် မြို့ဝင်လမ်းဆုံမှတစ်ဆင့် ကြို့ကုန်းလမ်း၊ ကျုံပျော်လမ်း၊ ဆုတောင်းပြည့်ကျောင်းလမ်း၊ တိုက်ကျောင်းလမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ‘ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြသော ဘင်္ဂါလီ အကြမ်းဖတ်သမားများအား ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်’ ဟု စာတန်းများ ပါဝင်သည့် ဆိုင်းဘုတ်များနှင့် အခြားသော လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည့်လည်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် စတင်စုဝေးခဲ့သည့် ကွင်းပြင်၌ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ သံဃာတော်အချို့ တက်ရောက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီမှ ယခင်လွှတ်တော် ကိုယ်စားလှယ်ဟောင်းများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်မည့် လမ်းတစ်လျှောက်တွင် ကျောင်းကုန်းမြို့ခံ လူမှုရေးအဖွဲ့များမှ လူငယ်များက “ကျောင်းကုန်းမြို့သည် တည်ငြိမ်အေးချမ်းလျက် ရှိပါသည်၊ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေမည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမျှ မထောက်ခံပါ” ဟု စာသားပါရှိသည့် ဆိုင်းဘုတ်များကို စိုက်ထူကာ ယင်းဆန္ဒထုတ်ဖော်မှုမှာ မလိုအပ်ဘဲ မြို့နယ်တည်ငြိမ်အေးချမ်းရေးအား ထိခိုက်စေနိုင်” ဟု ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ထားခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ခိုးဝင်ဘင်္ဂါလီတွေ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တာပါ။ အကြမ်းဖက်ဝါဒကို ရှုတ်ချတာပါ နောက်တစ်ချက်က ၁၉၈၂ နိုင်ငံသားဥပဒေကို တည်တံ့ခိုင်မြဲရေး အတွက်ပါ။ ဒီဥပဒေဟာ အင်အားကြီးနိုင်ငံ သုံးနိုင်ငံကြားထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် မဖြစ်မနေလိုအပ်တဲ့ ဥပဒေပါ။ ဒီဥပဒေကို ပြင်ဆင်ဖို့လည်း လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူ ဦးအေးကိုက ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲအား ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ လူဦးရေ ၄၀၀၀ ကျော်ဖြင့် ထုတ်ဖော်ခွင့်အား တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent