ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး ယနေ့တွေ့ဆုံဆွေးနွေးမည်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး ယနေ့တွေ့ဆုံဆွေးနွေးမည်
Published 13 September 2017

စက်တင်ဘာ ၁၁ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော မြောက်ကိုရီးယားအရေး အစည်းအဝေးသို့ တက်ရောက်လာသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: AFP)

မြန်မာ့အရေးကို ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယနေ့ (စက်တင်ဘာ ၁၃ ရက်) တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခအတွက် နိုင်ငံတကာက စိုးရိမ်မှု မြင့်တက်လာနေစဉ် ဗြိတိန်နှင့်ဆွီဒင်တို့က အရေးပေါ်အစည်းအဝေး ခေါ်ယူရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်က ထွက်ပြေးဖို့ကြိုးစားတဲ့ ဘင်္ဂါလီမွတ်စလင်တွေ (မူရင်းတွင် ရိုဟင်ဂျာဟုဆိုထား) အတွက် အခြေအနေ ဆက်လက်ဆိုးရွားနေတာကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက သိသိသာသာ စိုးရိမ်တဲ့လက္ခဏာပါ” ဟု ဗြိတိန်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး မက်သရူးရိုင်ခရော့က သတင်းထောက်များအား ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီသည် သြဂုတ်လ နှောင်းပိုင်းကလည်း မြန်မာ့အရေးအတွက် တံခါးပိတ်ဆွေးနွေးခဲ့သည်။ သို့သော်လည်း ကြေညာချက် မထုတ်ပြန်ခဲ့ပေ။

ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင် သဘောတူညီချက်တစ်ရပ် မျှော်လင့်ထားကြောင်း ရိုင်ခရော့က ပြောကြားခဲ့သည်။

ရခိုင်အရေးဖြေရှင်းရာတွင် လုံခြုံရေးကောင်စီက ပါဝင်မှုကို တရုတ်က အပြင်းအထန် ကန့်ကွက်နေကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် BBC သတင်းဌာန (မြန်မာပိုင်း) က သတင်းဖော်ပြထားသည်။

အဆိုပါ BBC ၏သတင်းဖော်ပြမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မည့်အစီအစဉ်ကို ဖျက်လိုက်ကြောင်း စုံစမ်းသိရှိရသည်ဟု ရေးသားထားသည်။

ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့ မတက်ရောက်ဖြစ်တော့သည့်အတွက် ၎င်းကိုယ်စား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ညီလာခံတက်ရောက်မည်ဖြစ်ကြောင်းလည်း BBC ၏သတင်းဖော်ပြမှုတွင် ပါရှိသည်။

ယင်းသို့ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သတင်းအား The Daily Eleven က စက်တင်ဘာ ၁၂ ရက်အထိ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပလျက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ကျင်းပသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်သို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှစတင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်နယ်တွင်း နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာအပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်း၊ အဆိုပါ အခြေအနေမျိုးတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပေးအပ်ရန် တာဝန်ရှိသည့်အလျောက် ထိရောက်သော အစီအမံများချမှတ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသည် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့်အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent