Mission Impossible က Pooh ဇာတ်ကားသစ်ကို ကျော်တက်ပြီး မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်

Mission Impossible က Pooh ဇာတ်ကားသစ်ကို ကျော်တက်ပြီး မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်
Published 7 August 2018

Photo: AP

ပြီးခဲ့သည့်သီတင်းပတ်က ဒစ္စနေ၏ ရုပ်ရှင်ကားသစ် Christopher Robin ထွက်လာသော်လည်း တွမ်ခရုဇ်၏ Mission Impossible: Fallout သည် မြောက်အမေရိကမှ ဝင်ငွေအများဆုံးရုပ်ရှင်စာရင်း၏ ထိပ်ဆုံးတွင် နှစ်ပတ်ဆက်တိုက်အဖြစ် ဆက်လက် ရပ်တည်နေခဲ့သည်။

Paramount မှ ထုတ်လုပ်သော ခြောက်ကားမြောက် Mission Impossible ဇာတ်ကားသည် ပြီးခဲ့သည့်သီတင်းပတ်၏ နောက်ဆုံးသုံးရက်အတွင်း ဝင်ငွေဒေါ်လာ ၃၅ သန်း ရရှိခဲ့သည်။ စတန့်ကွက်များတွင် တွမ်ခရုဇ် ကိုယ်တိုင်သရုပ်ဆောင်ထားသော ထိုရုပ်ရှင်အား ပရိသတ်ရော၊ ဝေဖန်သူများကပါ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြသည်။

ဒစ္စနေမှ ထုတ်လုပ်သော Live-animated ရုပ်ရှင် Christopher Robin မှာ ဝင်ငွေ ဒေါ်လာ ၂၅ သန်းရရှိပြီး စာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နေခဲ့သည်။ A.A.Mine ၏ဂန္ထဝင် Winnie-the-Pooh စာအုပ်များကို အခြေခံရိုက်ကူးထားသော Christopher Robin ရုပ်ရှင်၏ ဇာတ်ကြောင်းမှာ အရွယ်ရောက်လာပြီး စိတ်ဖိစီးနေသော Christopher သည် သူငယ်ချင်းဟောင်းများနှင့် ပြန်လည်ဆုံစည်းပြီး ကလေးတစ်ဦး၏ စိတ်ကူးအပျော်များကို ပြန်လည်ခံစားတတ်ရန် သင်ယူရသည့်အကြောင်းဖြစ်သည်။

ထိုဇာတ်ကားထဲ၌ Ewan McGregon၊ Hayley Atwell တို့ ပါဝင်သရုပ်ဆောင်ထားပြီး Brad Garrett နှင့် Jim Cummings တို့က အသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။

ဝင်ငွေအများဆုံးစာရင်း၏ တတိယနေရာတွင် ရပ်တည်နေသည်မှာ ဇာတ်ကားသစ် တစ်ကားပင်ဖြစ်သော ဇာတ်မြူးအက်ရှင် အမျိုးအစားဖြစ်သည့် The Spy Who Dumped Me ရုပ်ရှင်ဖြစ်ပြီး ပွဲဦးထွက်ပြသမှုအတွင်း ဝင်ငွေဒေါ်လာ ၁၂ ဒသမ ၄ သန်း ရရှိထားသည်။ ဇာတ်လမ်းထဲတွင် သူငယ်ချင်း နှစ်ဦးဖြစ်ကြသော Mila Kunis နှင့် Kate Mckinnon တို့သည် စီအိုင်အေအေးဂျင့်တစ်ဦးဖြစ်သွားသော ရည်းစားဟောင်းတစ်ဦးကြောင့် ဥရောပတစ်လွှား၌ အသည်းအသန် ထွက်ပြေးနေကြရသည့်အကြောင်းဖြစ်သည်။

နာမည်ကျော် သရုပ်ဆောင် အများအပြား ပါဝင်ထားပြီး ABBA ၏သီချင်းများကို အခြေခံထားသည့် Mamma Mia! Here We Go Again သည် ပြသခဲ့သည့် စတုတ္ထမြောက် သီတင်းပတ်တွင် ဒေါ်လာ ၉ ဒသမ ၁ သန်းရရှိပြီး စာရင်း၏ နံပါတ်လေးနေရာ၌ ရှိနေသည်။ နိုင်ငံတကာ၌ ပြသရာတွင်မူ ဝင်ငွေဒေါ်လာ ၂၃၁ သန်းအထိ ရရှိထားပြီးဖြစ်သည်။

Most Read

Most Recent