တရုတ်၏ကုန်ကျစရိတ်အများဆုံးဇာတ်ကား Asura ပွဲဦးထွက် လက်မှတ်ရောင်းချမှု ဝင်ငွေတွင် အောင်မြင်မှုမရခဲ့

တရုတ်၏ကုန်ကျစရိတ်အများဆုံးဇာတ်ကား Asura ပွဲဦးထွက် လက်မှတ်ရောင်းချမှု ဝင်ငွေတွင် အောင်မြင်မှုမရခဲ့
Published 19 July 2018

ဒေါ်လာ ၁၁၃ သန်းအသုံးပြုခဲ့သည့် တရုတ်၏ဈေးအကြီးဆုံးရုပ်ရှင်ဇာတ်ကား  Asura သည် ပွဲဦးထွက်လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် အောင်မြင်မှုမရခဲ့သဖြင့် ယင်းဇာတ်ကားကို ရုပ်ရှင်ရုံများ၌ ပြသမှုအား ရုပ်သိမ်းခဲ့သည်။

ဇူလိုင် ၁၃ ရက်က ဖြန့်ချိခဲ့သည့် ယင်း ဇာတ်ကားသည် ပွဲဦးထွက်လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၇ ဒသမ ၃ သန်းကျော်  ရရှိခဲ့သည်ဟု လက်မှတ်ရောင်းချမှုဝင်ငွေစာရင်းကို လေ့လာသုံးသပ်သည့် Maoyan ဝက်ဘ် ဆိုက်က ဖော်ပြခဲ့သည်။

“ဇူလိုင် ၁၅ ရက် ည ၁၀ နာရီကစပြီး Asura ဇာတ်ကား ဖြန့်ချိမှုကို ပြန်လည်ရုပ်သိမ်းလိုက်တယ်။ ဒီဇာတ်ကားကို ကြည့်ချင်ပေမယ့် ကြည့်ခွင့်မရှိတော့တဲ့သူတွေကို တောင်းပန်ပါတယ်” ဟု  ယင်းဇာတ်ကား၏ လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

တရုတ်ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားသည့် စိတ်ကူးယဉ်ဇာတ်ကား Asura တွင်ထိပ်တန်းသရုပ်ဆောင်များဖြစ်သည့် လီယိုဝူ၊ ကာရီနာလျူနှင့် တိုနီလျန်ကာဖိုင်တို့က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ခြောက်နှစ်ကျော် ရိုက်ကူးခဲ့သည့် ယင်းဇာတ်ကားတွင် အထူး ပြုလုပ်ချက်ပါဝင်သည့် ပြကွက် ၂,၄၀၀ ပါဝင်သည်ဟု China Daily သတင်းစာက ဖော်ပြခဲ့သည်။

ထုတ်လုပ်ရေးကုမ္ပဏီ Alibaba Pictures က ယင်းဇာတ်ကားကို ပြန်လည်ပြင်ဆင်ပြီး နောက်တစ်ကြိမ် ဖြန့်ချိရန် စီစဉ်နေသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။ ဒုတိယအကြိမ်ဖြန့်ချိမှုတွင်လည်း အောင်မြင်မှု မရပါက ယင်းဇာတ်ကားအတွက် ဆုံးရှုံးမှုသည် ရုပ်ရှင်သမိုင်းတွင် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်လာမည်ဖြစ်သည်။ လက်ရှိအချိန်ထိ တရုတ်၏ဝက်ဝက်ကွဲအောင်မြင်သည့် ဇာတ်ကားအများစုအတွက် အသုံးပြုခဲ့ သည့် ငွေကြေးသည် Asura ၏ ထက်ဝက်ခန့်သာရှိသည်။ Asura ဇာတ်ကားသည် ကမ္ဘာတစ်ဝန်းရုပ်ရှင်သမိုင်းတွင် ငွေကြေးအများအပြားအသုံးပြုခဲ့ပြီး အောင်မြင်မှုမရခဲ့သည့် ပဉ္စမမြောက်ဇာတ်ကားလည်းဖြစ်သည်ဟု Box Office Mojo တွင် ဖော်ပြချက်အရ သိရသည်။

Most Recent