ကမ္ဘာ့ထိပ်တန်း ဒီဂျေများ ပါဝင်ဖျော်ဖြေမည့် Together Festival Yangon 2018 EDM ဖျော်ဖြေပွဲ ကျင်းပမည်

ကမ္ဘာ့ထိပ်တန်း ဒီဂျေများ ပါဝင်ဖျော်ဖြေမည့် Together Festival Yangon 2018 EDM ဖျော်ဖြေပွဲ ကျင်းပမည်
Published 21 April 2018

Together Festival Yangon 2018 EDM ကျင်းပခဲ့သည့် မြင်ကွင်းတစ်ခု

ကမ္ဘာ့ထိပ်တန်းဒီဂျေများ ပါဝင်ဖျော်ဖြေမည့် Together Festival Yangon 2018 EDM ဖျော်ဖြေပွဲအား ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို စတုတ္ထအကြိမ်မြောက်အဖြစ် မေ ၅ ရက်တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ ကျင်းပရန်စီစဉ်ထားခြင်း ဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် ကမ္ဘာ့အကောင်းဆုံးဒီဂျေအဖြစ် နှစ်ကြိမ်တိုင်ရွေးချယ်ခြင်းခံရသည့်  ဒီဂျေ Hardwell၊ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ဖျော်ဖြေမည့် GTA အဖွဲ့နှင့် အခြားဒီဂျေများ၊ ပြည်တွင်းမှ ထိပ်တန်းဒီဂျေများက ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့ထိပ်တန်းဒီဂျေတွေ ပါဝင်ဖျော်ဖြေမယ့် Together Festival Yangon ကို အစဉ်အလာမပြတ် အမိုက်စားတင်ဆက်မှုတွေနဲ့ လုပ်သွားပါမယ်။ EDM စင်မြင့်ထက်က ကျော်ကြားတဲ့သူတွေ ပါဝင်ဖျော်ဖြေမယ့်ပွဲဆိုတော့ အရမ်းလည်းစိတ်လှုပ်ရှားစရာ ကောင်းမှာပါ။ သြင်္ကန်ကာလအပြီးမှာ အမိုက်စား တီးလုံးသံတွေကြားမှာ ကခုန်ဖြတ်သန်းနိုင်မယ့်ပွဲပါ” ဟု Together Festival Yangon အား စီစဉ်သူတစ်ဦးက ဆိုသည်။

Together Festival Yangon တွင် ပါဝင်ဖျော်ဖြေမည့် ကမ္ဘာ့ထိပ်တန်းဒီဂျေများ၏ စာရင်းကို စတင်ကြေညာထားပြီး ထပ်မံပါဝင်မည့် ဒီဂျေများ၏စာရင်းအား Together Festival Yangon Page  မှတစ်ဆင့် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ Together Festival Yangon အား ယခင်နှစ်များကလည်း ရန်ကုန်မြို့၌ ကျင်းပခဲ့ရာတွင် ပရိသတ်အားပေးမှုများပြားခဲ့ကြောင်း သိရကာ ယခုနှစ်တွင်လည်း အစဉ်အလာမပြတ် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ဖျော်ဖြေပွဲအတွက် လက်မှတ်များကိုလည်း ရောင်းချလျက်ရှိပြီး GA ကျပ် နှစ်သောင်းခွဲ၊ PGA ကျပ် သုံးသောင်းခွဲ၊ VIP ကျပ် ခုနစ်သောင်းခွဲတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Headliners အဖြစ် ပါဝင်မည့် Hardwell မှာ ကမ္ဘာ့နံပါတ်တစ် ဒီဂျေတစ်ဦးအဖြစ် DJ Magazine တွင် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များ၌ ထည့်သွင်းခြင်းခံရသူတစ်ဦးဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း EDM ဖျော်ဖြေပွဲများတွင်လည်း ထင်ရှားသူတစ်ဦး ဖြစ်သည်။ Hardwell ဖန်တီးသည့် တေးသီချင်းများစွာမှာလည်း ထင်ရှားကြောင်း သိရသည်။

EDM ဖျော်ဖြေပွဲများမှာ ၂၀၁၄ နှစ် ကုန်ပိုင်းခန့်မှစတင်ကာ မြန်မာနိုင်ငံတွင် ခေတ်စားလာပြီး လူငယ်များအတွက် စိတ်အပန်းဖြေရာ ဂီတထွက်ပေါက်တစ်ခုအဖြစ် နှစ်သက်အားပေးလာကြခြင်း ဖြစ်သည်။ အဆိုပါ EDM ဖျော်ဖြေပွဲများတွင် ပြည်တွင်းမှ ဒီဂျေများသာမက ကမ္ဘာ့ထိပ်တန်းဒီဂျေ ၁၀၀ စာရင်းတွင် နှစ်အလိုက်ပါဝင်ခဲ့သူများအား ဖိတ်ကြားဖျော်ဖြေစေမှုများ ပါဝင်ခဲ့ကြောင်း သိရသည်။ အခြားသော ထင်ရှားသည့် EDM ဖျော်ဖြေပွဲများအား ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး Together Festival Yangon သည်လည်း တစ်ပွဲအပါအဝင် ဖြစ်သည်။

Most Read

Most Recent