<

နိုင်ငံတကာ၌ ပြသလျက်ရှိပြီး မြန်မာနိုင်ငံသား မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားသည့် Ready Player One ဇာတ်ကား ရန်ကုန်နှင့် မန္တလေးရှိ ရုပ်ရှင်ရုံများ၌ ရုံတင်

နိုင်ငံတကာတွင် ပြသလျက်ရှိပြီး မြန်မာနိုင်ငံသား မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားသည့် Ready Player One ရုပ်ရှင်ဇာတ်ကားကို မတ် ၃၀ ရက်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသထားသည်။

Ready Player One ရုပ်ရှင်ကို မတ် ၂၉ ရက်မှ စတင်ကာ အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံအများအပြား၌ စတင်ပြသခဲ့ခြင်း ဖြစ်သည်။ ယင်းဇာတ်ကားသည် အီစတာပွဲတော် အားလပ်ရက်အတွင်း လက်မှတ် ရောင်းချရမှုမှ ၀င်ငွေ ဒေါ်လာ ၄၂ သန်းအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

စိတ်ကူးယဉ်သိပ္ပံအက်ရှင် စွန့်စားမှုဇာတ်ကားဖြစ်သည့် Ready Player One ရုပ်ရှင်သည် အနာဂတ်ကာလဖြစ်သည့် ၂၀၄၅ ခုနှစ်ကို ဖန်တီးအခြေပြုရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းအချိန်ကာလ၌ ကမ္ဘာမြို့ကြီး အများအပြားသည် လူဦးရေအဆမတန် များပြားမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ဆိုးရွားစွာ ခံစားနေရချိန်ဖြစ်သည်။ အရာရာတွင် ညစ်ပတ်ဆိုးရွားနေသည့် ပတ်ဝန်းကျင်၌ ရှင်သန်နေရသူအများစုသည် ယခင်ကကဲ့သို့ သဘာဝပတ်ဝန်းကျင်နှင့် လူများကို မြင်တွေ့ခံစားနိုင်သည့် ကမ္ဘာအတုတွင်း ရောက်ရှိစေသည့် အွန်လိုင်းဂိမ်း OASIS ကို ကစားကြသည်။

တစ်ရက်တွင် ထိုကစားနည်းကို လူအများအပြား ၀င်ရောက်ကစားနေချိန်၌ ဂိမ်းတီထွင်သူ James Haliday ၏ ကြေညာမှု တစ်ခုဝင်လာခဲ့သည်။ ယင်းမှာ ယခုကြေညာနေချိန်၌ မိမိမှာသေဆုံးခဲ့ပြီဖြစ်ပြီး သူတီထွင်ခဲ့သည့် OASIS ဂိမ်း၏ကွန်ရက်အတွင်း၌ တစ်လက်လက် တောက်ပနေသည့် Easter Egg ကို ဖွက်ထားခဲ့ကြောင်းနှင့် ယင်းကိုရှာဖွေတွေ့ရှိနိုင်သူသည် OASIS ဂိမ်းကို ထိန်းချုပ်ခွင့်ရရှိမည်ဖြစ်ပြီး ဒေါ်လာ ဘီလျံ ၅၀၀ ကိုလည်း ငွေသားအဖြစ် ရရှိမည်ဟူ၍ ဖြစ်သည်။

ယင်းကြေညာချက်ကြောင့် ဂိမ်းကစားသူများထဲမှ လူငယ်တစ်ဦးဖြစ်သည့် Wade Watts နှင့် သူငယ်ချင်းများ စုပေါင်းရှာဖွေကြသလို အွန်လိုင်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် IOI ကလည်း ဂိမ်းသမားများ ငှားရမ်းကာ ရှာဖွေမှုပြုလုပ်ရာမှ ဖြစ်ပေါ်လာသည်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။

ယင်းဇာတ်ကားတွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အနုပညာလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် မြန်မာနိုင်ငံသား အနုပညာရှင်တစ်ဦးဖြစ်သည့် မိုရီဆာကီဝင်းသည်လည်း Daito အမည်ရှိ ဂိမ်းကစားသမားလူငယ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။

Ready Player One ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားပြီး Tye Sheridan, Olivia Cooke, Ben Mendelsohn, Simon Pegg, Win Morisaki (မိုရီဆာကီဝင်း), T.J. Miller တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ Mingalar Cineplex၊ Capital (သာကေတ)၊ Junction City JCGV ရုပ်ရှင်ရုံများနှင့် မန္တလေးမြို့ရှိ Mingalar Diamond Cineplex ရုပ်ရှင်ရုံတို့၌ ရုံတင်ပြသထားသည်။

March 30, 2018














Copy Protected by Chetan's WP-Copyprotect.