အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့သည့် အကယ်ဒမီအိန္ဒြာကျော်ဇင် အကယ်ဒမီ ရွှေစင်ရုပ်၏ရွှေကြယ်အား လှူဒါန်းဖြစ်မည်ဟုဆို

အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့သည့် အကယ်ဒမီအိန္ဒြာကျော်ဇင် အကယ်ဒမီ ရွှေစင်ရုပ်၏ရွှေကြယ်အား လှူဒါန်းဖြစ်မည်ဟုဆို
Published 28 March 2018

၂၀၁၇ ခုနှစ်အတွက်ပေးအပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့သည့် အကယ်ဒမီအိန္ဒြာကျော်ဇင်သည် အကယ်ဒမီရွှေစင်ရုပ်၏ ရွှေကြယ်အား လှူဒါန်းဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်တွင် အကယ်ဒမီရွှေစင်ရုပ်၏ ရွှေကြယ်များအား ယခင် ရွှေနှစ်ကျပ်သားသာ ချီးမြှင့်ခဲ့ရာမှ ယခုအခါ ရွှေငါးကျပ်သားအထိ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

“အကယ်ဒမီရွှေစင်ရုပ်က ရွှေကြယ်ကိုတော့ လှူဖြစ်ဖို့များပါတယ်။ ဘယ်နေရာကို လှူမယ်ဆိုတာတော့ သေချာမဆုံးဖြတ်ရသေးဘူး။ လှူမယ်လို့တော့ ရည်မှန်းထားပြီးသားပါ။ ဒီနှစ်မှာ ပရိသတ်တွေအားလုံးက ဇာတ်ကားစပြီး ရုံတင်ကတည်းက အားပေးကြ၊ အကယ်ဒမီအတွက် ကြိုပြီးရင်ခုန်ပေးကြတဲ့ ဒီဇာတ်ကားနဲ့ အကယ်ဒမီရခဲ့တဲ့အတွက် ပိုပျော်ရပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တာကြောင့်ပိုပြီး ပျော်ရွှင်ရတာပါ။ ကိုယ်ကိုယ်တိုင်အတွက်ကလည်း ဇာတ်ကားတွေ အရင်လိုအများကြီး ရိုက်ဖို့မဖြစ်နိုင်တဲ့အချိန်မှာ အခုလို ကိုယ်လည်း တကယ်အားရတဲ့ ဇာတ်ကားလေးနဲ့  ဆုရတဲ့အတွက် ပိုပျော်ရပါတယ်။ ဆုမရခဲ့တာလည်း ၁၃ နှစ်တောင် ဝေးခဲ့ပြီဆိုတော့ အသစ်တစ်ယောက်လို ခံစားမှုမျိုးလည်း ပြန်ဖြစ်တာပေါ့လေ” ဟု အကယ်ဒမီအိန္ဒြာကျော်ဇင်က  ဆိုသည်။

အကယ်ဒမီအိန္ဒြာကျော်ဇင်သည် ရင်ဘတ်ထဲကဓား ဇာတ်ကားတွင် လရိပ်ဝေး ဇာတ်ရုပ်ဖြင့် ပီပြင်စွာပုံဖော်နိုင်ခဲ့သည့်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီ ပေးပွဲမတိုင်မီကတည်းကပင် ပရိသတ်များ ကြိုတင်မျှော်လင့်ထားသည့်အတိုင်း အကယ်ဒမီအိန္ဒြာကျော်ဇင်က အကယ်ဒမီထူးချွန်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိခဲ့သည့် အကယ်ဒမီ သရုပ်ဆောင်နေတိုးကလည်း ၎င်းရရှိခဲ့သည့် အကယ်ဒမီရွှေကြယ်အား လှူဒါန်းမည်ဖြစ်ကြောင်းကို အသိပေးပြောကြားထားခဲ့သည်။ အကယ်ဒမီ ဆုများရရှိခဲ့သည့် အနုပညာရှင်များဖြစ်သည့် အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီမြင့်မြတ်နှင့် အကယ်ဒမီနေတိုးတို့၏ ဂုဏ်ပြုပွဲများအား ပြုလုပ်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပြုလုပ်သည့် အကယ်ဒမီရရှိသူများအတွက် ဂုဏ်ပြု ညစာစားပွဲအစီအစဉ်ကိုလည်း မတ် ၂၄ ရက်ညပိုင်းတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Most Read

Most Recent