Black Panther က သီတင်းငါးပတ်ဆက်တိုက် ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံး၌ ရပ်တည်ခဲ့

Black Panther က သီတင်းငါးပတ်ဆက်တိုက် ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံး၌ ရပ်တည်ခဲ့
Published 20 March 2018

Black Panther ရုပ်ရှင်သည်ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်အမေရိကဒေသ၏ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် သီတင်း ငါးပတ်ဆက်တိုက် ဆက်လက်နေရာယူခဲ့သည်။ ယခင်သီတင်းပတ်အတွင်းက ရုပ်ရှင်ကားသစ်နှစ်ကားထွက်ခဲ့သော်လည်း Black Panther သည် ဝင်ငွေဒေါ်လာ ၂၇ သန်းရရှိကာ စာရင်း၏ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

Disney ၏ Marvel စတူဒီယိုမှ ထုတ်လုပ်သော စူပါဟီးရိုးရုပ်ရှင်သည် ဒေသတွင်းမှာပင် ဝင်ငွေဒေါ်လာသန်း ၆၀၀ ရရှိသွားပြီ ဖြစ်သည်။ ထို့ပြင် Black Panther ရုပ်ရှင်သည်၂၀၀၉ ခုနှစ်က Avatar ရုပ်ရှင်နောက်ပိုင်း မြောက်အမေရိက၏ ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးနေရာကို သီတင်းငါးပတ် ဆက်တိုက်ယူလာနိုင်သည့် ပထမဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့သည်။

မြောက်အမေရိက၏ ကာလတစ်လျှောက်လုံး ဝင်ငွေအများဆုံးစူပါဟီးရိုး ရုပ်ရှင်ဖြစ်သော The Avengers ၏ ဇာတ်ကားသစ်မှာမူ လာမည့်ရက်အနည်းငယ်အတွင်းမှာပင် ထွက်ရှိလာတော့မည် ဖြစ်သည်။

Warner Bro’s မှ အသစ်ထုတ်လုပ်လိုက်သော Tomb Raider မှာ ပထမဆုံးပြသသည့် သုံးရက်အတွင်း ဝင်ငွေဒေါ်လာ ၂၃ ဒသမ ၅ သန်းရရှိကာ စာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယခင်က အင်ဂျလီနာဂျိုလီနှင့် ရိုက်ကူးခဲ့သော အကြောက်အလန့်ကင်းကာ ရက်စက်ကြမ်းကြုတ်သည့် Lara Croft ဇာတ်ကောင်နေရာတွင် ဆွီဒင်ရုပ်ရှင်မင်းသမီး Alicia Vikander ဖြင့် ပြန်လည်ရိုက်ကူးထားသည်။

အံသြစရာအဖြစ် ဘတ်ဂျက်နိမ့်ရုပ်ရှင်ဖြစ်သော I Can Only Imagine သည် ဝင်ငွေ ဒေါ်လာ ၁၇ ဒသမ ၁ သန်းရရှိကာ စာရင်း၏ အဆင့်သုံးနေရာတွင် ရပ်တည်နေသည်။ ထို့ကြောင့် ဒရာမာဇာတ်လမ်းတစ်ခုဖြစ်သည့် ထိုရုပ်ရှင်သည် Roadside Attraction မှ ထုတ်လုပ်သည့် ရုပ်ရှင်များအနက် ဝင်ငွေအများဆုံးရသည့် ရုပ်ရှင်ဖြစ်လာခဲ့သည်။ ဒေါ်လာ ခုနစ်သန်းသာ အကုန်အကျခံရိုက်ကူးသော ထိုရုပ်ရှင်ထဲတွင် Michael Finley က ထင်ရှားသော ခရစ်ယာန်သီချင်းဆိုအဖွဲ့၏ ခေါင်းဆောင်အဆိုတော်အဖြစ် ပါဝင်ထားသည်။

နံပါတ်လေးနေရာတွင် ရှိနေသည်မှာ Disney မှပင် ထုတ်လုပ်သည့် သိပ္ပံစွန့်စားခန်း ရုပ်ရှင်ဖြစ်သော A Wrinkle in Time ဖြစ်ပြီး လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က ထက်ဝင်ငွေထက် ဝက်လျော့ကျကာ ဒေါ်လာ ၁၆ ဒသမ ၆ သန်း ရရှိထားသည်။ ပျောက်ဆုံးသွားသည့် ဖခင်အား အချိန်နှင့် အာကာသတို့ကိုဖြတ်ပြီး ရှာဖွေသော မိန်းကလေးငယ်တစ်ဦးအကြောင်းဖြစ်သည့် ထိုရုပ်ရှင်ထဲတွင် Storm Reid ၊Oprah Winfrey ၊ Reese Witherspoon ၊ Chris Pine တို့က ပါဝင် သရုပ်ဆောင်ထားသည်။

ဆယ်ကျော်သက် လိင်တူချစ်သူတစ်ဦး၏ အချစ်ဟာသဇာတ်လမ်းဖြစ်သော Love,Simon မှာ ဝင်ငွေဒေါ်လာ ၁၁ ဒသမ ၅ သန်း ရရှိပြီး စာရင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent