ပထမဆုံး တစ်ကိုယ်တော်ပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေသူ တေးသံရှင်ချောစုခင်၏ ငယ်ဘဝဖြတ်သန်းရာ

ပထမဆုံး တစ်ကိုယ်တော်ပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေသူ တေးသံရှင်ချောစုခင်၏ ငယ်ဘဝဖြတ်သန်းရာ
Published 18 January 2018

ဂီတလောကထဲမှာ ပရိသတ်အားပေး လက်ခံမှုများစွာ ရရှိထားတဲ့ အနုပညာရှင်တွေ များစွာရှိပါတယ်။ ဒီအနုပညာရှင်တွေထဲက အသံအင်အားကြီးကြီးနဲ့ ထူးခြားချိုမြတဲ့ အသံပိုင်ရှင်ကတော့ တေးသံရှင် ချောစုခင်ပဲ ဖြစ်ပါတယ်။ အသံကြားလိုက်တာနဲ့ကို မှတ်မိနှစ်သက်စေသူ ဂီတပါရမီရှင်တစ်ဦးလို့လည်း ဆိုရမှာပါ။ ဂီတအနုပညာ သက်တမ်း ရှည်ကြာစွာ ဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ တေးသံရှင် ချောစုခင်က မကြာခင်မှာလည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ တေးသံရှင်ချောစုခင်ရဲ့ ငယ်စဉ်ကလေး ဘဝကတည်းက ဂီတဝါသနာပိုး ကြီးမားခဲ့ပုံတွေ၊ ဂီတသမိုင်းကြောင်း ဖြတ်သန်းမှု အဆင့်ဆင့် ကြုံတွေ့ခဲ့ရပုံတွေကို အခုတစ်ပတ်မှာ ဖော်ပြပေးချင်ပါတယ်။ တေးသံရှင် ချောစုခင်ရဲ့ မွေးရပ်ဇာတိက စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ လေးယောက်ရှိပြီး မွေးဖွားပြီးကတည်းက ရန်ကုန်အင်းစိန်မြို့နယ်မှာလည်း နေထိုင်ခဲ့သလို မိဘများ တာဝန်ကျရာ ပင်လည်ဘူးမြို့မှာလည်း သွားရောက်နေထိုင်ဖြစ်တာကြောင့် ပင်လည်ဘူးမြို့က ဇာတိမြို့လို့ဆိုနိုင်သလို အင်းစိန်ကလည်း ကြီးပြင်းရာအရပ် ဒေသတစ်ခုလို့ဆိုနိုင်ကြောင်း ပြောပြခဲ့ပါတယ်။

တေးသံရှင်ချောစုခင်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရတွေကိုတော့ “ချောစုတို့ငယ်ငယ်က အရမ်းလည်း ပျော်စရာကောင်းတယ်။ မွေးဖွားခဲ့တဲ့ဇာတိမြို့ဖြစ်တဲ့ ပင်လည်ဘူးမြို့လေးနဲ့ ပတ်သက်ရင်လည်း အမှတ်တရတွေ အများကြီးပဲ။ မောင်နှမတွေ ပျော်ပျော်ပါးပါးနဲ့ ဆော့ခဲ့ကြ၊ ဖြတ်သန်းခဲ့ကြတဲ့ အမှတ်တရတွေ၊ လွမ်းမောဖွယ်တွေ အပြည့်ရှိပါတယ်။ အခုချိန်ထိလည်း ဘယ်တော့မှမေ့ပျောက်လို့မရတဲ့ မြို့လေးပါ” လို့ ငယ်စဉ်ဘဝရဲ့ အမှတ်တရတွေကို လွမ်းဆွတ်စွာနဲ့ မျှဝေခဲ့ပါတယ်။

တေးသီချင်းတွေကို ချစ်မြတ်နိုးလွန်းတဲ့ တေးသံရှင်ချောစုခင်ရဲ့ ဂီတဝါသနာက ငယ်စဉ်ဘဝတည်းက အမြစ်တွယ်ခဲ့တယ်လို့ ဆိုရပါမယ်။ ဂီတဝါသနာ အခြေတည်ရာကလည်း ဇာတိပင်လည်ဘူးမြို့လေးကပဲ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ လသာသာထိန်ညီးတဲ့အချိန် အိမ်နီးချင်းတွေရဲ့ ဗုံတီးပြီးသီချင်းဆိုတာကိုလိုက်ပါ ငေးမောနားဆင်ရင်း ကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့လေးမှာ အစဉ်အမြဲကျင်းပတတ်တဲ့ ရပ်ကွက်သီတင်းကျွတ်ပွဲ၊ ကထိန်ပွဲ၊ သြင်္ကန်ပွဲတွေမှာလည်း တနိုင်တပိုင် စတေ့ချ်ရှိုးတွေကိုသွားရောက် နားဆင်ရင်း သီချင်းဆိုချင်စိတ်တွေ ပိုမိုပြင်းပြလာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ အိမ်နီးချင်း ဗီဒီယိုရုံကဖွင့်တဲ့ သီချင်းသံတွေကြောင့်လည်း သီချင်းတွေအားလုံးနဲ့ နားရည်ဝနေခဲ့တယ်လို့ ဆိုခဲ့ပါသေးတယ်။

တေးသံရှင်ချောစုခင်ရဲ့ ပထမဆုံးဂီတ ခြေလှမ်းကိုတော့ ၁၉၇၇၊ ၁၉၇၈ ခုနှစ်ဝန်းကျင်မှာ စတင်ခဲ့တာပါ။ မိဘများအတွက်ဝင် ငွေတစ်ဖက်တစ်လမ်းရဖို့ အစ်ကိုဖြစ်သူနဲ့အတူ စားသောက်ဆိုင်မှာ သီချင်းဆိုရင်းဝင်ငွေ ရှာဖွေခဲ့ရပါတယ်။ ဒါ့အပြင် အစ်ကိုဖြစ်သူရဲ့ သူငယ်ချင်းတွေက မြန်မာ့ရုပ်မြင်သံကြားမှာ သီဆိုခွင့်ရဖို့အတွက် သီချင်းအစမ်းသွင်းရာမှာလည်း လိုက်ပါသွားပြီး သူတို့မဆိုခင် အစမ်းဆိုဆိုပြတာမျိုးတွေ လုပ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုသူများကို ကူညီခဲ့ရင်းကပဲ စတူဒီယိုတစ်ခုက တေးသံရှင်ချောစုခင်ရဲ့ အသံကို သတိပြုမိခဲ့ပါတော့တယ်။ ဒီနောက်မှာတော့ Chaw Music Production က သုံးနှစ်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် နှစ်နှစ်သာချုပ်ဖို့ ညှိနှိုင်းလက်ခံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တေးသံရှင်ချောစုခင်ရဲ့ ပထမဆုံးတေးစီးရီးက နေရောင်ခြည်ရဲ့ အနမ်းဖြစ်ပေမဲ့ ပရိသတ်သိပ်မသိလိုက်ဘဲ အကြင်နာအင်အားတေးစီးရီးမှသာ ပရိသတ်များစတင် သတိထားမိစေတယ်လို့ ဆိုပါတယ်။ အကြင်နာအင်အား တေးစီးရီးမှာ ပါဝင်ခဲ့တဲ့ ဒါအချစ်လား၊ အတူဆုံချင်ပြီ၊ ရေခဲတုံးကြီးစတဲ့ တေးသီချင်းတွေက ချောစုခင်ဆိုတဲ့ အမည်နာမကို ပိုမိုထင်ရှား တောက်ပြောင်လာစေခဲ့ပါတယ်။ ဒီနောက်မှာတော့ တစ်ကိုယ်တော် တေးစီးရီးခွေတွေ၊ စုံတွဲတေးစီးရီးခွေတွေ ထုတ်ဝေနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ တစ်ကိုယ်တော် တေးစီးရီး ၁၃ ခွေဖြန့်ချိခဲ့ပြီးဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဖြတ်သန်းခဲ့တဲ့ ဂီတသမိုင်းကြောင်းအရ ပြန်ဆိုတေးသီချင်းတွေလည်း သီဆိုခဲ့ရပြီး ပြန်ဆိုတေးသီချင်းတွေနဲ့အတူလည်း ပိုမိုထင်ရှား အောင်မြင်ခဲ့ပါတယ်။ ပြန်ဆိုတေးသီချင်းဆိုရတဲ့ အခက်အခဲနဲ့ တာဝန်ကြီးမှုကိုတော့ တေးသံရှင်ချောစုခင်က

“ပြန်ဆိုတေးကို တကယ်တမ်းတော့ သိပ်မဆိုချင်ဘူး။ အဟောင်းတွေ တဝဲလည်လည်ဖြစ်နေတာ သိပ်မထူးဘူးပေါ့လေ။ ဒါပေမဲ့ တေးစီးရီး ပရိုဂျူဆာတွေကလည်း ဆိုစေချင်ကြတော့ ချောစုအခွေသစ်ထွက်တိုင်း သီချင်းဟောင်း တချို့ပြန်ဆိုခဲ့ရတာပါပဲ။ ပြန်ဆိုတေးဆိုရာမှာ တတ်နိုင်သလောက်တော့ ကိုယ်ပိုင်ဟန်လေးနဲ့ ဆိုလို့ရအောင် ကြိုးစားပြီးတော့ ဆိုဖြစ်တာတွေရှိတယ်။ အဲဒီမှာဘာတွေ့သလဲဆိုရင် တချို့သီချင်းဆိုရင် မူရင်းအဆိုတော်က အရမ်းချွဲနွဲ့ပြီး ဆိုထားတာမျိုး။ ဒါပေမဲ့ ကိုယ်ပိုင်ဟန်ဖြစ်အောင် အဲဒါကိုလျှော့ပြီး ဆိုတယ်ဆိုရင် သီချင်းကပျက်သွားရော။ ဒါကြောင့်ပြန်ဆိုတေးကြောင့် အောင်မြင်ခဲ့တာတွေရှိသလို သတိပြုမိစရာတွေလည်း အများကြီး လေ့လာခွင့်ရခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။

တေးသံရှင်ချောစုခင်က ဖိုးချိုအမှတ်တရ၊ ခိုင်ထူးအမှတ်တရ၊ ဟေမာနေဝင်းသီချင်းများစသဖြင့် တေးသံရှင်တစ်ဦးချင်းရဲ့ ထင်ရှားတဲ့တေးသီချင်းတွေကို ပြန်လည်ဂုဏ်ပြု သီဆိုတဲ့ အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ဖူးပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရများစွာကို ရရှိပိုင်ဆိုင်စေခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။

ချောစုခင်ရဲ့ ကိုယ်ပိုင်မိသားစုဘဝလေး အနေနဲ့ နားလည်မှု အပြည့်အဝရှိတဲ့ ခင်ပွန်း၊ ချစ်စဖွယ်သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးများအတွက်တော့ မေတ္တာတရားအပြည့်နဲ့သာ အမြဲတမ်းဖြည့်ဆည်းပေးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“သမီးတွေနဲ့ ပတ်သက်လို့ကတော့ အမြဲတမ်းမေတ္တာတရားနဲ့ပဲ ဆက်ဆံပါတယ်။ သူတို့စိတ်ထဲမှာ ဘာရှိလဲဆိုတာကိုမြင်အောင် အမြဲတမ်းကြည့်တယ်။ သူတို့ လိုအပ်တာကို အမြဲဖြည့်ဆည်းပေးတယ်။ သမီးကြီးကငါးတန်း၊ သမီးငယ်ကတစ်တန်းပါ” လို့ သမီးများနဲ့ပတ်သက်ပြီး မေတ္တာတရား အပြည့်နဲ့ပြောကြားခဲ့ပါတယ်။

တေးသံရှင်ချောစုခင်က အနုပညာခရီးလမ်းတစ်လျှောက်မှာ အားလုံးနဲ့ချစ်ခင်စွာ သာပေါင်းသင်းဆက်ဆံခဲ့ပြီး မိမိဘက်ကမှားတာ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲတာရှိခဲ့ရင်လည်း အလွယ်တကူ တောင်းပန်လို့ ရှေ့ဆက်ခဲ့တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာ၊ ဆက်ဆံရေး မပြေလည်တာမျိုးတွေကို မကြုံတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး ချစ်ခင်စိတ်နဲ့သာ အားလုံးကို ခင်မင်ရင်းနှီးဖြစ်ခဲ့တယ်လို့လည်း ရယ်မောပြောပြခဲ့ပါတယ်။

တေးသံရှင်ချောစုခင်က အနုပညာ ခရီးလမ်းတစ်လျှောက် ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ဇန်နဝါရီ ၃၁ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဒီပွဲအတွက် အစွမ်းကုန် ပြင်ဆင်နေပါတယ်။ ပရိသတ်တွေအတွက် အမှတ်တရများစွာရရှိဖို့ ပြင်ဆင်နေသလို ပရိသတ်တွေကို လာရောက်အားပေးဖို့အတွက်လည်း ဖိတ်ခေါ်ထားပါတယ်။ တေးသံရှင်ချောစုခင်ရဲ့ အမှတ်တရများစွာ ပိုင်ဆိုင်ခဲ့တဲ့ ငယ်စဉ်ဘဝပုံရိပ်တွေကို ဖတ်ရှုရင်း တစ်ကိုယ်တော်ပွဲမှာ အတူတူသွားရောက် ဖြတ်သန်းကြပါစို့လို့ ဆိုပါရစေ။

Most Read

Most Recent