ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံပြီး ဥပဒေမဲ့ လုပ်ရပ်များ ပြုလုပ်သည်ဟုဆိုကာ နေပြည်တော်တိုင်း(မ်) မှုခင်းသတင်းထောက် လေးဦးအား ဖမ်းဆီး

ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံပြီး ဥပဒေမဲ့ လုပ်ရပ်များ ပြုလုပ်သည်ဟုဆိုကာ နေပြည်တော်တိုင်း(မ်) မှုခင်းသတင်းထောက် လေးဦးအား ဖမ်းဆီး
Published 11 July 2018

ပြည်သူများအပေါ် ခြိမ်းခြောက်ငွေတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်သည်ဟုဆိုသည့် နေပြည်တော်တိုင်း(မ်) မှုခင်းသတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ) လေးဦးအား အမှုဖွင့်ထားကြောင်း ဇူလိုင် ၁၀ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် သရက်ကုန်းကျေးရွာတွင် နေထိုင်သည့် ဦးထွန်းရင်သည် ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင် ရှိနေစဉ် နန်းမော်လိုက် ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ၎င်း၏ မိတ်ဆွေဖြစ်သူ ဦးသန်းရွှေ ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက်ခဲ့ရာ အဆိုပါ နေအိမ်တွင် အခြားအမျိုးသား လေးဦးကို တွေ့ရှိခဲ့ရပြီး အဆိုပါ အမျိုးသား လေးဦးမှာ ထောက်လှမ်းရေး သတင်းထောက်များ ဖြစ်ကြောင်းနှင့် နေပြည်တော်မှ မော်လိုက် ခရိုင်အတွင်း၌ တာဝန်ပေးထားသည့် စစစ၊ ဒ/န၊ SB၊ မီဒီယာအဖွဲ့ပေါင်းစုံ ဖြစ်သည်ဟု သိရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် အဆိုပါ အမျိုးသားလေးဦးက ကျေးရွာအတွင်းရှိ ဦးခင်မောင်ဝင်းဆိုသူ၏ နေအိမ်ခြံဝင်းအတွင်း၌ အ.ထ.ကခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် သစ်တစ်တန်ခန့် တွေ့ရှိကြောင်း၊ ထိုသစ်များကိုလည်း ဓာတ်ပုံရိုက်ထားကြောင်း၊ ထိုသစ်များမှာ ဥပဒေနှင့် ငြိစွန်းကြောင်း၊ တာဝန်ရှိသူများနှင့် လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက် နေသည့်အတွက် နေပြည်တော်မှ တိုက်ရိုက်လွှတ်ထားခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း၌ သစ်စက်လုပ်သူများ၏ အမည်စာရင်း ၁၀ ဦးရှိကြောင်းနှင့် ထိုသူများကို ခေါ်ခိုင်းသဖြင့် ခေါ်ပေးခဲ့ရကြောင်း သိရသည်။

ထို့နောက် အဆိုပါလူများ ရောက်ရှိလာသည့် အခါတွင် မှတ်ပုံတင်များကို ဓာတ်ပုံရိုက်ယူပြီး တစ်ဦးလျှင် ငွေ ၁၅၀၀၀၀ နှုန်းဖြင့်  ၁၀ ဦးစာ ငွေကျပ် ၁၅ သိန်း ပေးရမည်ဖြစ်ကြောင်း၊ မပေးပါက ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် ကျေးရွာရှိ တာဝန်ရှိသူများ တိုင်ပင်ကာ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းခတ်ရန် စုဆောင်းထားသည့်ငွေကျပ် ၁၀ သိန်းအား ပေးခဲ့ရကြောင်း၊ ထိုသို့ပေးခဲ့ရသဖြင့် ဦးထွန်းရင်မှာ သက်ဆိုင်ရာ ရဲစခန်းဖြစ်သည့် ဖောင်းပြင်မြို့မ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းသို့တိုင်တန်းသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက စုံစမ်းဆောင်ရွက်ခဲ့ရာ ခြိမ်းခြောက်ငွေ တောင်းယူသူများမှာ နေပြည်တော်တိုင်း(မ်) မှုခင်းသတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ) များဖြစ်သည့် မောင်ဆန်း (၃၆ နှစ်)၊ အောင်ဖြိုးေ၀ (၂၁ နှစ်)၊ မောင်စိုး (၅၄ နှစ်) နှင့် ကီးအောင်မင်း (၄၆ နှစ်) ဆိုသူတို့ ဖြစ်ကြောင်း သိရပြီး ၎င်းတို့လေးဦးကို ဇူလိုင် ၉ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဖြစ်တာကတော့ ကျွန်တော်တို့ နန်းမော်လိုက်အုပ်စုမှာ ဇူလိုင်လ ၈ ရက်နေ့က သစ်စက်က ငွေ ၁၀ သိန်း တောင်းတယ်။ အဲဒါကို ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်ထားတယ်။ ဇူလိုင်လ ၁ ရက်နေ့က ဟဲလှော် အုပ်စုက ကမ်းနားမှာရှိတဲ့ ထမင်းဆိုင်မှာ ဘီယာလေး ဘာညာ တင်ထားတာကို ဖမ်းမယ်ဆီးမယ်လုပ်လို့ ငွေနှစ်သောင်း တောင်းတယ်။ အဲဒါကို ရာဇသတ်ကြီး ပုဒ်မ ၃၈၄ နဲ့ ဖွင့်ထားတယ်။ ဖြစ်စဉ်က နှစ်နေရာ ဆိုတော့ နှစ်မှုပေါ့။ ဒီနေ့ကတော့ သူတို့ကို မြို့နယ်တရားသူကြီးဆီမှာ ချုပ်မိန့်ရမန် တောင်းပြီးတော့ အမှုကို ဆက်စစ်သွားမှာပါ။ ကျွန်တော်တို့ ဖောင်းပြင်မှာတော့ ဒါက ပထမဆုံး အကြိမ်ပါ။ ဒါကတော့ ဥပဒေကို ဖောက်ဖျက်တယ်ဆိုတော့ အထိုက်အလျောက်တော့ အရေးယူခံရမှာပေါ့” ဟု ဖောင်းပြင်မြို့နယ်ရဲမှူး ခင်မောင်အေးက ပြောကြားသည်။

ရာဇသတ်ကြီးပုဒ်မ ၃၈၆ မှာ မည်သူမဆို တစ်ဦးတစ်ယောက်သော သူကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ သေစေမည်ဟု သို့တည်းမဟုတ် အပြင်းအထန် နာကျင်စေမည်ဟု ကြောက်အောင်ပြု၍ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင် ထိုသူကို ၁၀ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

အလားတူ ၎င်းတို့လေးဦးသည် ဇူလိုင် ၁ ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ဟဲလှော်ကျေးရွာနေ ဒေါ်မြင့်အုန်းဆိုသူ၏ နေအိမ်ဈေးဆိုင်သို့ သွားရောက်ပြီး အရက်ရောင်းသည် ဟုဆိုကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၂၀၀၀၀ ကိုလည်း တောင်းယူခဲ့သဖြင့် ၎င်းတို့လေးဦးကို သက်ဆိုင်ရာ ရဲစခန်းတွင် ထပ်မံအမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက် ည ၁၀ နာရီခန့်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် သတင်းထောက်ဆိုသူ လေးဦးက ငွေကြေးများ ခြောက်လှန့်တောင်းယူသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့လေးဦးကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် “နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စား ဆင်ယင်ခြင်း မပြုကြရန်နှင့်  ဝတ်ဆင်ကြောင်း တွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇွန် ၁၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း မှုခင်းသတင်းထောက်များ အပါအဝင် သတင်းထောက် အသင်းဝင်များ အနေဖြင့် နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများနှင့် အသွင်သဏ္ဌာန်တူသော ဝတ်စုံများ ဝတ်ဆင်ခြင်းနှင့် ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ခဲ့သည်။

Most Read

Most Recent