မော်လမြိုင်မြို့တွင် မူးယစ်ဆေးဝါးရှာဖွေရာမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု၊ မှတ်ပုံတင်အတု၊ လက်လုပ်သေနတ်အစိတ်အပိုင်းများနှင့် ကျည်ဆန်များ သိမ်းဆည်းရမိ

မော်လမြိုင်မြို့တွင် မူးယစ်ဆေးဝါးရှာဖွေရာမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု၊ မှတ်ပုံတင်အတု၊ လက်လုပ်သေနတ်အစိတ်အပိုင်းများနှင့် ကျည်ဆန်များ သိမ်းဆည်းရမိ
Published 5 April 2024

မော်လမြိုင်မြို့တွင် မူးယစ်ဆေးဝါးရှာဖွေရာမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု၊ မှတ်ပုံတင်အတု၊ လက်လုပ်သေနတ် အစိတ်အပိုင်းများနှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဧပြီ ၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါးသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ရှမ်းစုရပ် မြို့ရှောင်လမ်းနေ ဇင်သော် (ခ) သားကြီးဆိုသူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဇင်သော် (ခ) သားကြီးဆိုသူအား နေအိမ်ဝင်ပေါက်ဝတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဇင်သော် (ခ) သားကြီး၏ခန္ဓာကိုယ်နှင့် နေအိမ်အတွင်း ဆက်လက်ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ဇင်သော် (ခ) သားကြီး လွယ်ထားသော အနီရောင်လွယ်အိတ်အတွင်းမှ အဖြူရောင် ပလတ်စတစ်အိတ်အတွင်း ထည့်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၂ ပြားအား တွေ့ရှိကြောင်းနှင့် ထိုမူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေးရာ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ ရှမ်းစုရပ်၊ မြို့ပတ်လမ်းနေ ပြည်စုံဟန် (ခ) အရိုးထံမှ ဝယ်ယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ပြည်စုံဟန် (ခ) အရိုးဆိုသူ၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အပေါ်ထပ်တွင် တွေ့ရှိခဲ့ရပြီး ၎င်းနေထိုင်သည့် အခန်းအတွင်း ဗီရိုအံဆွဲအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြားတွေ့ရှိခဲ့သည်။

ထို့အပြင် ငွေစက္ကူ တစ်သောင်းကျပ်တန် ငါးရွက်၊ တစ်သောင်းတန် လေးရွက် ရိုက်နှိပ်ထားသည့် A4 စာရွက်နှစ်ရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းအပြင် မှတ်ပုံတင်အတု နှစ်ခု၊ မှတ်ပုံတင်စာရွက်အလွတ် နှစ်ခု၊ မွန်ပြည်နယ် လဝကရုံး စာသုံးပါငွေရောင် တံဆိပ်ပြားသုံးခုနှင့် လက်လုပ်သေနတ် အစိတ်အပိုင်းများ၊ ကျည်ဆန်များကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“လတ်ရှိမှာ ဇင်သော် (ခ) သားကြီးနဲ့ ပြည်စုံဟန် (ခ) အရိုးကို ဖမ်းဆီးထားပြီးတော့ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရတယ်။ ဘယ်လိုပြစ်မှုမျိုးနဲ့ အရေးယူသွားမလဲဆိုတာကိုတော့ မသိရသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးများ၊ ငွေစက္ကူအတု၊ မှတ်ပုံတင်အတု၊ လက်လုပ်သေနတ်အစိတ်အပိုင်းများနှင့် ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ဇင်သော် (ခ) သားကြီးနှင့် ပြည်စုံဟန် (ခ) အရိုးတို့နှစ်ဦးအား မော်လမြိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Most Read

Most Recent