ကလေးမြို့တွင် အုပ်စုလိုက်ရန်ဖြစ်ရာမှ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီးဖော်ထုတ်

ကလေးမြို့တွင် အုပ်စုလိုက်ရန်ဖြစ်ရာမှ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီးဖော်ထုတ်
Published 24 June 2018

ကလေးမြို့တွင် ဇွန် ၂၁ ရက် နံနက် ၁ နာရီခန့်က လူငယ်များ အုပ်စုလိုက် ရန်ဖြစ်ရာမှ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ခုနစ်ဦးကို ၂၄ နာရီအတွင်း ဖမ်းဆီးဖော်ထုတ် နိုင်ခဲ့သည်ဟု ကလေးမြို့ မြို့မရဲစခန်းမှ ဒုရဲမှူးသက်နိုင်ဦးက ပြောကြားသည် ။

“ဇွန်လ ၂၁ ရက်နေ့ မနက်အစောကြီး ၁ နာရီ ဝန်းကျင်လောက်မှာ အမည်မသိ အမျိုးသားတစ်ဦး အလောင်းတစ်လောင်း ဆေးရုံမှာ ရောက်နေတဲ့သတင်းနဲ့ ကျွန်တော်နဲ့အဖွဲ့တွေက ဆေးရုံကို ရောက်သွားတယ်။ OPT (ပြင်ပလူနာကုဌာန) အမျိုးသားတစ်ဦးကို မေးရိုးကျိုးခေါင်းတွေမှာ ရိုက်ခံထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့က သေဆုံးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာ ညတွင်းချင်း ကွင်းဆင်းအတည်ပြုရပါတယ်။ အတည်ပြုတဲ့အခါမှာ ကလေးမြို့ ဆိုင်ကယ်ဝပ်ရှော့တစ်ခုမှာ သုံးလပြတ် ဆိုင်ကယ်ပြုပြင်သင်တန်း တက်နေတဲ့သူ ဖြစ်နေတယ်။ သူတို့အဖွဲ့ဟာ သင်တန်းကာလ ပြီးဆုံးတော့ စားသောက်ဆိုင်မှာ ဂုဏ်ပြုပွဲလုပ်ပြီးတော့ အရက်သေစာ သောက်စားခဲ့ကြတယ်။ ည ၁ နာရီကျော် သောက်စားပြီးတော့ လူစုခွဲပြီး အသီးသီး ပြန်ကြတယ်။ အဲဒီလို ပြန်တဲ့အချိန်မှာ ကလေးမြို့ ဗိုလ်ချုပ်လမ်း တောင်ဖီလာ ရပ်ကွက်မှာ လူငယ်တစ်စုကလည်း အရက်သေစာသောက်ပြီး ပြန်လာကြတယ်။ အဲဒီနေရာရောက်တော့ လူငယ်တွေက အပျော်လွန်ပြီး စီးလာတဲ့ ဆိုင်ကယ်ကို လီဗာတဗြူးဗြူးလုပ်တယ်။ အဲဒါကို တစ်ဖက်က နားမခံနိုင်ဘဲ အချင်းများ ရန်ဖြစ်ကြတယ်ဆိုတာ သိရှိရပါတယ်။ အဲဒီမှာပဲ အုပ်စုများတဲ့ လူငယ်တွေက၊ အုပ်စုနည်းတဲ့ လူငယ်တွေကို ဝိုင်းဝန်းလက်သီးနဲ့ ထိုးကြတယ်။ အနီးနားမှာရှိတဲ့ တုတ်နဲ့ ရိုက်ခဲ့ပြီး သေဆုံးသွားတယ် ဆိုတာကို သိရှိခဲ့ရပါတယ်” ဟု ဒုရဲမှူးသက်နိုင်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် နံနက် ၁ နာရီ ခန့်တွင် ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ (၆ /၁၃) ဗိုလ်ချုပ်လမ်းဘေးတွင် ဒဏ်ရာများဖြင့် လဲကျနေသူ တစ်ဦးကို လူငယ်သုံးဦးက တွေ့ရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သေဆုံးခဲ့သဖြင့် အရေးယူပေးရန် ကလေးမြို့ မြို့မရဲစခန်း မှ (ပ) ၈၂၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သောအမှု ဖြစ်သည်။

“တရားခံဖော်ထုတ်ဖို့ အရိုက်ခံလိုက်ရတဲ့ လူငယ်တွေ စစ်ဆေးပြီးတော့ အချိန်က ညအချိန်ဖြစ်ပြီး ကိုယ့်ရပ်ကွက်မှာ မဟုတ်တဲ့အတွက် ရိုက်လိုက်တဲ့သူတွေကို မမှတ်မိဘူးဆိုတဲ့ အဖြေရလာတယ်။ ကျွန်တော် ပြည်သူလူထုနဲ့ ပြန်ပူးပေါင်း စစ်ဆေးရတယ်။ ပြည်သူလူထုကလည်း အရှုပ်အရှင်း မဖြစ်ချင်ကြဘူးဆိုတာ အရိုးစွဲနေကြတော့ ကျွန်တော့်ရုံးခန်းမှာ ခေါ်ယူပူးပေါင်းပြီးတော့ ဒါတွေက ကိုယ့်မြို့အတွက် ပြည်သူတွေအတွက် အန္တရာယ် ကင်းရှင်းမယ်၊ ရာဇဝတ်မှုတွေ ပူးပေါင်းဖော်ထုတ်ဖို့ လိုပါတယ်လို့ ပြောပြတော့ တာဝန်သိ ပြည်သူတစ်ဦးက ဘယ်သူ့ကိုတော့ မှတ်မိလိုက်ပါတယ်ဆိုတဲ့ အစတစ်စရ လိုက်ပါတယ်။ ရတဲ့အပေါ်မှာ တရားခံတွေ ဘယ်သူဖြစ်တယ်ဆိုတာ စာရင်းဇယား ပြုစုဖော်ထုတ်ပါတယ်။ တရားခံက ခုနစ်ဦးဖြစ်တော့ တစ်ပြိုင်နက် ဖမ်းဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး တရားခံတွေနေတဲ့ ပတ်ဝန်းကျင်မှာ ကင်းပုန်းဝပ်ပြီး ဆောင်ရွက်ပါတယ်။ ဒါ့ကြောင့်လည်း အချိန်တိုတို အတွင်းမှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ ဖမ်းဆီးပြီးတဲ့ အခါ မှာလည်း သူတို့ရဲ့ ဟုတ်ပါတယ်ဆိုတဲ့ ဝန်ခံထွက်ဆိုချက်နဲ့ ဘယ်သူက တုတ်နဲ့ ရိုက်လိုက်တယ်။ ဘယ်သူက လက်သီးနဲ့ ထိုးလိုက်တယ် ဆိုတာတွေ ရရှိခဲ့ပါတယ်” ဟု ဒုရဲမှူးသက်နိုင်ဦးက ပြောကြားသည်။

 

Most Read

Most Recent