သထုံမြို့နယ် ဂေါ့ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံး

သထုံမြို့နယ် ဂေါ့ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံး
Published 21 March 2024

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေး ရွာတွင်  မတ်လ ၂၀ ရက် ညနေပိုင်းအချိန်က အမျိုးသားတစ်ဦးမှာ သေနတ်နှင့် ပစ်ခတ်ခံ ခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြော ကြားချက်များအရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ သထုံမြို့ နယ် ကျုံပါကျေးရွာနေ အသက် (၂၇) နှစ်အ ရွယ်  မောင်ဝင်းထွန်း (ခ) ဝီကီးလားမား ဆိုသူဖြစ်ကြောင်း၊ ၎င်းင်းမှာ ယမန်နေ့ မတ်လ ၂၀ ရက် ညနေ ၅ နာရီအချိန်ခန့်က ကျုံပါ ကျေးရွာမှ သထုံမြို့တွင်းသို့ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) သွားသည့် လမ်းအတိုင်း Honda Dream အမျိုးအစား မော်တော်ဆိုင်ကယ်နှင့် မောင်းနှင်လာစဉ်  “ပြည့်ဖြိုးဝေ” မုန့်ဆိုင်အနီးအရောက်တွင် နောက်မှ လားရာတူ မော်တော်ဆိုင်ကယ်နှင့် လိုက်လာသည့် သေနတ်သမားနှစ်ဦးက သေ နတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရ ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မောင်ဝင်းထွန်း မှာက ဘယ်ဘက်နားထင်ကျည်ဖောက်ဝင် ဒဏ်ရာ တစ် ချက်နဲ့ ဘယ်ဘက်မျက်ခုံအထက် မှာ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံး ခဲ့ရတာပါ” ဟု ပြောကြားသည်။

မောင်ဝင်းထွန်း (ခ) ဝီကီးလားမား မှာ ကျုံပါကျေးရွာတွင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းနှင့် မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့် အကြောင်း ကြောင့် သေနတ်ဖြင့် ပစ်သတ်သွား သည်ကို မသိရသေးကြောင်း ၎င်းဒေသခံက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ မောင်ဝင်းထွန်း (ခ) ဝီကီးလားမား၏ ရုပ် အ လောင်းအား လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ က သထုံခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ကျိုက်ထိုမြို့နယ် မုက္ခမူကျေး ရွာမှ အမျိုးသားတစ်ဦး၊ မတ်လ ၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာမှ အမျိုးသားတစ်ဦး၊ ရေးမြို့နယ် အစင်ကျေးရွာ တွင် အမျိုးသားတစ်ဦး၊ မတ်လ ၁၀ ရက်နေ့က သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ မြတ် စံကြီးကျေးရွာနေ အမျိုးသားတစ်ဦး၊ မတ်လ ၁၁ ရက်နေ့က ဘီးလင်းမြို့နယ် တောင်စွန်း ကျေးရွာနေ အမျိုးသား နှစ်ဦး နှင့် ရေးမြို့နယ် သောင်ပြင်ကျေးရွာနေ အမျိုးသားတစ်ဦး တို့ မှာ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြပြီး ရေးမြို့နယ် အစင်ကျေးရွာမှ အမျိုးသားတစ်ဦး နှင့် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာမှ အမျိုးသားတစ်ဦးတို့ ကျည်ထိမှန်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်နက်ကိုင်များ၏ ပစ် ခတ်မှုများကြောင့် မွန်ပြည်နယ်၌ ယခုနှစ် ဇန်နဝါရီအတွင်း အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ ဖေဖော်ဝါရီလအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား နှစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေနတ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်။  

Most Read

Most Recent