မောင်တောတွင် ရဲကင်းစခန်းအတွင်းသို့ ဓားကောက်ကိုင်ဆောင်လျက် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီး

မောင်တောတွင် ရဲကင်းစခန်းအတွင်းသို့ ဓားကောက်ကိုင်ဆောင်လျက် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီး
Published 24 October 2017

မောင်တောတွင် ရဲကင်းစခန်းအတွင်းသို့ ဓားကောက်ကိုင်ဆောင်လျက် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။

အောက်တိုဘာ ၂၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် အမည်မသိ အမျိုးသားတစ်ဦးမှာ ဓားကောက်ကိုင်ဆောင်လျက် မောင်တောမြို့နယ် နယ်မြေ (၃) ကွမ်းသီးပင်ချောင်း၀ ရဲကင်းစခန်းအတွင်းသို့ ဦးတည်ပြေးလာသဖြင့် စခန်းနှင့် ကိုက် ၂၀ ခန့်သို့အရောက်၌ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ရပ်တန့်၍ လက်နက်ချရန် အော်ဟစ်သတိပေးသော်လည်း ရပ်တန့်ခြင်းမရှိဘဲ အလ္လာဝက္ကဘတ်ဟု အော်ဟစ်၍ ဆက်လက်ပြေးဝင်လာခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် ယင်းအမျိုးသားမှာ ယာရင်ညွန့်အောက် ဖောက်ဝင် ဒဏ်ရာတစ်ချက်ဖြင့် စခန်းနှင့် ငါးကိုက်ခန့် အကွာတွင် လဲကျသေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ (၅၆ နှစ်) ဖြစ်ပြီး ၎င်းထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကတ်အမှတ် (ID) 2690421588992 နှင့် ဓားကောက်တစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကာ တောင်ပြို-ယာနယ်မြေစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent