စစ်ကိုင်းမြို့ နန်းဦးမြို့သစ်နေ အမျိုးသားတစ်ဦးနှင့် တရုတ်နိုင်ငံသူတစ်ဦးအား တစ်လင်တစ်မယားဥပဒေ၊ လဝကဥပဒေတို့ဖြင့် အမှုဖွင့်

စစ်ကိုင်းမြို့ နန်းဦးမြို့သစ်နေ အမျိုးသားတစ်ဦးနှင့် တရုတ်နိုင်ငံသူတစ်ဦးအား တစ်လင်တစ်မယားဥပဒေ၊ လဝကဥပဒေတို့ဖြင့် အမှုဖွင့်
Published 17 October 2017

စစ်ကိုင်းမြို့ နန်းဦးမြို့သစ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ၎င်း၏အမျိုးသားနှင့် တရုတ်နိုင်ငံသူတစ်ဦးတို့ သောတပန်ရပ်ရှိ တည်းခိုခန်းတစ်ခုတွင် တရားဝင်အိမ်ထောင်ရှိပါလျက် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြောင်း သိရှိသဖြင့် သောတပန်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြောင်းကြားကာ အောက်တိုဘာ ၁၂ ရက် ည ၆ နာရီတွင် တည်းခိုခန်းအတွင်း ဝင်ရောက်ကြည့်ရှုရာ ၎င်း၏အမျိုးသားနှင့် တရုတ်နိုင်ငံသူတို့ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်လျက်ရှိသည်ကို တွေ့ရ၍ မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

တရုတ်နိုင်ငံသူ Chen Yan Paing (ခ) ချိန်ယန်ဖျေ့ (ခ) မကျဲကျဲ (၃၈ နှစ်) အား စစ်ဆေးရာ မြန်မာနိုင်ငံအတွင်းသို့ လုပ်ငန်းလုပ်ကိုင်ခွင့် ဗီဇာရှိသော်လည်း သတ်မှတ်ထားသည့် တည်းခိုခန်းတွင် နေထိုင်ခြင်းမရှိဘဲ စစ်ကိုင်းမြို့ ဒါးဝယ်ဈေးရပ်ကွက်တွင် တရားမဝင် အိမ်ငှားနေထိုင်သောကြောင့် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) ကို ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

တရားဝင်အိမ်ထောင်ရှိလျက် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သူ ကိုရဲအောင် (၂၇ နှစ်) ကျောက်ရောင်းဝယ်၊ ရန်နိုင်ရပ်အား စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ) ၈၆၃/၁၇ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ (၁၃) ဖြင့် ၎င်းတရုတ်နိုင်ငံသူအား (ပ) ၈၆၆/၁၇ ၁၉၄၇ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့သည်။

Most Recent