ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သည့် ဆူပူမှုဖြစ်စဉ် အဓိကရုဏ်းနှိမ်နှင်းမှုအတွင်း အကျဉ်းသားလေးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသားအပြစ်ကျဆောင် (၆) နှင့် (၇) တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသားများ ဆူပူသောင်းကျန်းနေသဖြင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆို ဆူပူမှုများ ပြုလုပ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထို့နောက် ဆူပူသည့် အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့ သွားရောက်ရန်မူရန် ကြိုးစားလာကြပြီး ဖျက်ဆီးမှုများကို ဆောင်ရွက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထိုသို့ ဆူပူမှုဖြစ်စဉ်များကြောင့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါအကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက်ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာန ဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသော သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြသဖြင့် ဝန်ထမ်းများက အဓိကရုဏ်း နှိမ်နှင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်/ဒိုင်းများ အသုံးပြုနှိမ်နှင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
အထက်ပါဖြစ်စဉ်တွင် အကျဉ်းသား လေးဦး သေဆုံးကာ အကျဉ်းသား ရှစ်ဦး၌ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ဖြစ်စဉ်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။