ကျုံပျော်မြို့၌ ဆိုင်ခန်းများ ဖောက်ထွင်းခဲ့သည့် တရားခံနှစ်ဦးအား စစ်ဆေးမေးမြန်းရာမှ ဟင်္သာတနှင့် ဇလွန်၌ ကျူးလွန်ခဲ့သည့် အမှုများပါ ပေါ်ပေါက်

ကျုံပျော်မြို့၌ ဆိုင်ခန်းများ ဖောက်ထွင်းခဲ့သည့် တရားခံနှစ်ဦးအား စစ်ဆေးမေးမြန်းရာမှ ဟင်္သာတနှင့် ဇလွန်၌ ကျူးလွန်ခဲ့သည့် အမှုများပါ ပေါ်ပေါက်
Published 12 October 2017

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့၌ ဆိုင်ခန်းများ ဖောက်ထွင်းခဲ့သည့် တရားခံနှစ်ဦးကို စစ်ဆေးမေးမြန်းရာမှ ဟင်္သာတနှင့် ဇလွန်၌ ကျူးလွန်ခဲ့သည့်အမှုများပါ ပေါ်ပေါက်ခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ တရားခံနှစ်ဦးကို ကျုံပျော်မြို့၌ ဆိုင်ခန်းများ ဖောက်ထွင်းခဲ့သည့်နေ့၌ ဖမ်းဆီးရမိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရာမှ အခြားအမှုများပါ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

“ကျုံပျော်မှာဖြစ်တာက တရားခံနှစ်ယောက်က သော့တွေကို ဖျက်တဲ့ Cutter နဲ့ ဆိုင်ခန်းခုနစ်ခန်းမှာ ဝင်ခိုးခဲ့တာပေါ့။ စစ်ဆေးပေါ်ပေါက်ချက်အရ ဟင်္သာတစခန်း အပိုင်ထဲက ခိုးထားတဲ့ ပစ္စည်းတွေလည်း ပေါ်တယ်။ ဇလွန်မှာ ဆိုင်ခန်းခုနစ်ခန်းကို ဖောက်ပြီး ခိုးယူခဲ့တာတွေလည်း ပေါ်ပေါက်ပါတယ်။ ဟင်္သာတစခန်းမှာ သူတို့နဲ့ဆက်စပ်ပြီး နောက်ထပ်တစ်ဦးလည်း ဖမ်းထားပါတယ်” ဟု ကျုံပျော်မြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်ကျော်ဦးကဆိုသည်။

လက်ရှိတွင် ဖမ်းဆီးထားသူ သုံးဦးအနက် နှစ်ဦးကို ကျုံပျော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ကျန်တစ်ဦးကို ဟင်္သာတမြို့မ ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

“ဟင်္သာတနဲ့ ဇလွန်ဖြစ်စဉ်မှာ သုံးယောက် ကျူးလွန်တာခင်ဗျ။ ကျုံပျော်မှာတော့ နှစ်ယောက်ပဲ ကျူးလွန်တာပါ။ ဈေးဆိုင်ခန်းတွေကို ဦးတည်ပြီး ဖောက်တာဗျ။ ဖုန်းရောင်းဝယ်တဲ့ဆိုင်တွေနဲ့ ရွှေဆိုင်ပါ ပါပါတယ်။ ရွှေဆိုင်ကတော့ ဆိုင်ရှင်က အားလုံးယူသွားတဲ့အတွက် ပစ္စည်းပါသွားတာတော့ မရှိပါဘူး။ ရွှေဆိုင်က ကျုံပျော်မှာ ဖောက်တာ” ဟု ဒုရဲမှူးခိုင်ကျော်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူ သုံးဦးမှာ ဟင်္သာတမြို့နယ်၊ ကျုံဖားကျေးရွာတွင် နေထိုင်သူများဖြစ်သည်ဟု ထွက်ဆိုထားပြီး စစ်ဆေးမေးမြန်းမှုများ ဆက်လက် ဆောင်ရွက်နေသည်။

“ပုသိမ်ခရိုင်မှုကူအဖွဲ့နဲ့ ဟင်္သာတစခန်း အဖွဲ့ရယ်၊ ကျုံပျော်စခန်းအဖွဲ့ရယ် ပူးပေါင်းစစ်ဆေးနေပါတယ်။ နောက်ထပ်ပြစ်မှုတွေ ဘာတွေများ ကျူးလွန်ထားတာ ရှိလဲပေါ့။ ဆိုင်ခန်းတွေ ဖောက်တဲ့အထဲက ကျန်ရှိတဲ့ သက်သေခံပစ္စည်းတွေလည်း သိမ်းဆည်းရမိဖို့အတွက် ဆက်လက်ပြီး စစ်ဆေးနေတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အမှုများကို ထွက်ဆိုခဲ့သည့် တရားခံနှစ်ဦးကို ကျုံပျော်မြို့၌ ဆိုင်ခန်းခုနစ်ခန်း ဖောက်ထွင်းပြီးချိန်တွင် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖမ်းဆီးချိန်၌ တရားခံတစ်ဦးက ဓားဖြင့်ထိုးခဲ့သဖြင့် ကျုံပျော်မြို့ခံတစ်ဦး ဓားရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Most Recent