ကျိုက်ထိုမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်တစ်စီး နေအိမ်ခြံဝင်းတစ်ခုအား ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါလာသူအမျိုးသားတစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထိုမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်တစ်စီး နေအိမ်ခြံဝင်းတစ်ခုအား ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါလာသူအမျိုးသားတစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိ
Published 22 April 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်း ကျိုက်ထိုမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်တစ်စီး နေအိမ်ခြံဝင်းတစ်ခုအား ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါလာသူအမျိုးသားတစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန် - မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၁) ကျိုက်ထိုမြို့ရှောင်လမ်းတွင် ကျိုက်ထိုမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်မှာ ဘရိတ်ပေါက်ကာ အနီးရှိ နေအိမ်ခြံဝန်းအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကုန်တင်ယာဉ်ပေါ်လိုက်ပါလာကြသူတွေက ကားထဲမှာ ညှပ်နေကြလို့ ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနက Rescue Team နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပူးပေါင်းပြီးတော့ ဆွဲထုတ်ခဲ့ရပါတယ်။ ကုန်တင်ယာဉ်ပေါ်လိုက်ပါလာကြတဲ့ အမျိုးသား ခြောက်ဦးအနက် တစ်ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ ကျန်ငါးဦးကတော့ ထိခိုက်ဒဏ်ရာတွေအသီးသီးရရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာန၊ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်ကြသည့် ကျိုက်ထိုမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ပဒုမ္မာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent