စုံတွဲတစ်တွဲအား ရည်းစားဟောင်းအမျိုးသားက လူမြင်ကွင်းတွင် ဓားဖြင့်ထိုးမှု တောင်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွား

စုံတွဲတစ်တွဲအား ရည်းစားဟောင်းအမျိုးသားက လူမြင်ကွင်းတွင် ဓားဖြင့်ထိုးမှု တောင်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွား
Published 1 October 2017

အခင်းဖြစ်ပွားခဲ့သည့်နေရာရှိ သွေးကွက်များကို တွေ့ရစဉ်

တောင်ဥက္ကလာပမြို့နယ်တွင် စုံတွဲတစ်တွဲအား ယခင်ရည်းစားဟောင်းဆိုသူက ဓားဖြင့်ထိုးမှု စက်တင်ဘာ ၃၀ ရက်၊ နံနက်က ဖြစ်ပွားခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ စုံစမ်းသိရသည်။

စက်တင်ဘာ ၃၀ ရက်၊ နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်နေ မ... (၂၃ နှစ်) သည် နေအိမ် မှ အလုပ်သို့သွားရန် လမ်းထိပ်၌ မော်တော်ယာဉ်ဖြင့် စောင့်နေသည့် ချစ်သူဖြစ်သူ ကို....(၂၁ နှစ်) ထံသို့ လမ်းလျှောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းလျှောက်သွားစဉ် ကုန်းဘောင်လမ်းနှင့် အင်းဝလမ်းထိပ်အရောက် တွင်  မ...(၂၃ နှစ်)အား ၎င်း၏ ရည်းစား ဟောင်းဖြစ်သူ ချစ်ပိုင်ဝင်း(၂၃ နှစ်)က အသင့် ပါလာသည့်ဓားဖြင့် လည်ပင်းအား ပြေးထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် ချစ်ပိုင်ဝင်း (၂၃ နှစ်)မှာ မ...(၂၃ နှစ်)၏ လက်ရှိချစ်သူ ကို....(၂၁ နှစ်) အား ဓားဖြင့် ထပ်မံ ထိုးခဲ့ကြောင်း သိရသည်။

“ကောင်မလေးက အဲဒီရပ်ကွက်ထဲမှာ နေတာပါ။ သူနဲ့ အလုပ်အတူလုပ်တဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကားနဲ့ လာစောင့်နေတာ။ လာစောင့်နေတဲ့ ကောင်လေးဆီကို ကောင်မလေးက သွားတဲ့အချိန်မှာပဲ ကောင်မလေးရဲ့ အရင်ရည်းစားဟောင်းလား မသိပါ ဘူး။ ပြေးပြီး  ကောင်မလေးလည်ပင်းကို ဓားနဲ့ ထိုးတာပါ။ အဲဒီလို ဓားနဲ့ထိုးတော့ အလုပ်အတူ ကောင်လေးက ဓားနဲ့ထိုးတဲ့သူကို ဝင်လုံးတာ။ အဲဒီချိန်မှာ ကူပါကယ်ပါဆိုပြီး အော်ဟစ်သံကြားတော့ အနားကဆိုက်ကားဆရာ တစ်ယောက်က ဝင်ပြီး ဓားနဲ့ထိုးတဲ့သူကို ဝါးလုံးနဲ့ဝင်ရိုက်ပြီး တားလိုက်ရပါတယ်။ပြီးတော့မှ ရပ်ကွက်ထဲက လူတွေရောက်လာပြီး ဓားနဲ့ထိုးတဲ့သူကို ထွက်မပြေးဖို့ ပြောပါတယ်။ ဓားနဲ့ထိုးတဲ့ ကောင်လေးကလည်း ထွက်မပြေးဘူး။ သူလုပ်ရင် သူခံမယ်ပြောပြီး ရဲတွေလာ ဖမ်းတဲ့အထိ စောင့်နေပါတယ်”ဟု ဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးက ပြောကြားသည်။

ဓားဖြင့် အထိုးခံရသဖြင့် ကို...(၂၁ နှစ်) မှာ ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာ လက်ဖျံ ပွန်းပဲဒဏ်ရာနှင့် ကျောကုန်းပွန်း ဒဏ်ရာများရရှိခဲ့ပြီး မ...(၂၃ နှစ်) မှာ ဝဲ လည်ပင်း ထိုးသွင်း ဒဏ်ရာများ ရရှိခဲ့ပြီး မ...(၂၃ နှစ်)မှာ သင်္ဃန်းကျွန်း စံပြဆေးရုံသို့ (စိုးရိမ်ရ) အဖြစ် တင်ပို့ထားရကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဓားဖြင့်ထိုးခဲ့သည့် ချစ်ပိုင်ဝင်း (၂၃ နှစ်) နှင့် ဓားဖြင့် အထိုးခံရသူကို...(၂၁ နှစ်) က ဒဂုံမြောက်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးတော့ အဲဒီနေရာမှာပဲ ရပ်ကွက်ကလူတွေက ဓားနဲ့ထိုးတဲ့ ကောင်လေးကို ထိန်းသိမ်း ထားတာ တွေ့ရပါတယ်။ အခု ဓားနဲ့ထိုးတဲ့ ကောင်လေးကို  စခန်းမှာ အမှုဖွင့်ထားပြီး ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံကို တင်ထားပါတယ်။ ကနဦး စစ်ဆေးချက်အရတော့ ဓားနဲ့ ထိုးခံရတဲ့ ကောင်မလေးနဲ့ ကောင်လေးက ချစ်သူတွေဖြစ်ပြီး ဓားနဲ့ထိုးသူက ရည်းစားဟောင်းလို့ သိရပါတယ်”ဟု သက်ဆိုင်ရာ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ဓားဖြင့်ထိုးသူ ချစ်ပိုင်ဝင်း(၂၃ နှစ်)အား တောင်ဥက္ကလာပမြို့မ ရဲစခန်းက (ပ) ၈၉၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၃၂၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

Most Read

Most Recent