ပြီးခဲ့သည့် နှစ်လတာကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အရပ်သားလေးဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိ

ပြီးခဲ့သည့် နှစ်လတာကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အရပ်သားလေးဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိ
Published 4 March 2024

ပြီးခဲ့သည့် နှစ်လတာကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ မြေမြှုပ်မိုင်း နင်းမိပေါက်မှုကြောင့် အရပ်သားလေးဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းများထံမှ သိရသည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် တနင်္သာရီမြို့နယ်အတွင်း အမျိုးသားသုံးဦးနှင့် ထားဝယ်မြို့နယ်အတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တနင်္သာရီမြို့နယ်မှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တစ်ဦး၊ သရက်ချောင်းမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး သေဆုံးမှုမှာ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့ကြောင်းနှင့် အရှေ့မော်တုန်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာ တွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။

“မြို့ဟောင်းကျေးရွာဘက်မှ ဒေသခံအမျိုသားနှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့ရတာပါ။ အဲ့ဒီအတွက်နဲ့ မြို့ဟောင်းရွာဘက်က ရော်ဘာခြံတွေကို ဘယ်သူမှမသွားရဲကြတော့ဘူး။ ရော်ဘာစေးလည်း မခြစ်ကြတော့ဘူး။ ဒီအတိုင်းပစ်ထားလိုက်ရတယ်” ဟု မြို့ဟောင်းကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

၂၀၂၃ ခုနှစ်အတွင်းကလည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုများမှာ ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်၏ ဖော်ပြချက်များအရ သိရသည်။

Most Read

Most Recent