ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၁ ပွိုင့်အောက်ဆင်းခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၄၇ အထိကျဆင်း

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၁ ပွိုင့်အောက်ဆင်းခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၄၇ အထိကျဆင်း
Published 14 January 2018

ဇန်နဝါရီ ၁၂ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၁ ပွိုင့်အောက်ဆင်းခဲ့ပြီး  ဇန်နဝါရီ ၁၃ ရက်တွင် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၇ ကျပ်အထိကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းသည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံး နှုန်းထားအဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် ၉၀ ဒသမ ၆၂ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးသော  ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက် တွင် ၉၄ ပွိုင့် အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက်စဆင်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့်အောက်သို့ ဆက်ဆင်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ၂၀၁၇ ခုနှစ်ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂  ပွိုင့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၆၆ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်လတွင် ၁၃၅၅- ၁၃၆၃ ကျပ်၊ သြဂုတ်လတွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာလတွင် ၁၃၅၆ -၁၃၅၉ ကျပ်တို့ဖြစ်ပြီး ကွာဟချက်အများဆုံး ၁၄ ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်တွင် ၁၃၅၉ ကျပ်အထိ ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ၂၁ ရက်တွင် ၁၃၅၈ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၅၆ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၅၅ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၅၄ ကျပ်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၂ ရက်တွင် ၁၃၅၃ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၄၉ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ်အထိ ဆက်ကျခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်တွင် ကျပ် ၁၃၅၀ အထိပြန်တက်ခဲ့ကာ ဇန်နဝါရီ ၁၃ ရက်တွင် ၁၃၄၇ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

Most Read

Most Recent