နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ဆွေးနွေးမှုဖြစ်စဉ်သည် အဆင့်များလွန်းသည့်အတွက် မူဘောင်ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ဆွေးနွေးမှုဖြစ်စဉ်သည် အဆင့်များလွန်းသည့်အတွက် မူဘောင်ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 15 July 2018

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မောင်ထူး)

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ဆွေးနွေးမှုဖြစ်စဉ်သည် အဆင့်များလွန်းသည့်အတွက် အဆိုပါ မူဘောင်ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး တတိယနေ့ (ဇူလိုင် ၁၃ ရက်) တွင်ပြုလုပ်သော ကဏ္ဍအလိုက် ဆွေးနွေးပွဲများအပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ၌ ဦးဇော်ဌေးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဒီ Framework ကို ပြန်ပြောင်းရမယ်။ မနက်က ကျွန်တော်တို့ ဆွေးနွေးတဲ့ နိုင်ငံရေး ဆွေးနွေးမှု Stucture ဆိုတာ အဲဒါကိုပြောတာ။ Dialogue Structure ကြီးက ရှည်တယ်။ ရှည်ပြီးတော့ အဆင့်တွေများတယ်။ Prolong ဖြစ်နေတယ်။ ပြီးရင် အဲအပေါ်မှာ ယုံကြည်မှုတွေ စကားပိုများစေတယ်။ ပြောရရင်တော့ စကားများတာတွေ ပိုဖြစ်အောင် လုပ်ထားသလိုပဲ။ အဲဒီတော့ စကားသိပ်မများအောင် ကျွန်တော်တို့နောက် ညီလာခံကျရင်လုပ်မယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (The Framework for Political Dialogue) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ရေးဆွဲထားခြင်းဖြစ်သည်။

အဆိုပါ မူဘောင်ကို ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပြီးတွင် ပြန်လည် ပြင်ဆင်ထားကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်ဆင်လာသည်မှာ ၁၁ ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

“ကျွန်တော်တို့ဘက်က တင်ပြချင်တာကတော့ ကျွန်တော်တို့အနေနဲ့ ဒီဟာကို အကောင်းဆုံး ဖြစ်မယ်လို့ ယူဆတဲ့ Framework နဲ့ ToR ကို ပြီးခဲ့တဲ့ ညီလာခံပြီးမှ ပြန်လုပ်ထားတာ။ အဲဒီတော့ အခုလည်း ဒီဟာအတိုင်း ဆောင်ရွက်မှာပဲ။ အကယ်လို့ Review လုပ်စရာရှိတယ်။ ပြန်ပြင်စရာရှိရင်လည်း ဒီညီလာခံပြီးမှ Framework က ပြင်လို့ရတဲ့အတွက် အဲဒီအတိုင်း လုပ်မှာပါ” ဟု ဦးလှမောင်ရွှေက ဆိုသည်။

နိုင်ငံရေးမူဘောင် အနေဖြင့် မှားယွင်းခြင်း မရှိကြောင်း UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

“နိုင်ငံရေးမူဘောင် အနေနဲ့တော့ မှားယွင်းတာတော့ မရှိပါဘူး။ ကျွန်တော်တို့ လုပ်တဲ့ဟာတွေအားလုံး ပြည့်စုံပါတယ်။ သို့သော် အဲဒီမူဘောင်ထဲမှာ ကျွန်တော်တို့ စနစ်နှစ်ခုကို ပေါင်းထားတယ်။ အောက်ခြေက တက်လာတဲ့ Bottom Up အခြေအနေနဲ့ အပေါ်ကနေ ချပေးရမယ့် To Down နှစ်ခုကို လုပ်ထားတာရှိတယ်။ ယနေ့အထိ ကျွန်တော်တို့ အသုံးပြုနေတာ အောက်ခြေကနေ တက်လာတဲ့ အောက်ခြေဆိုတဲ့နေရာမှာ လူထုတွေ့ဆုံပွဲလုပ်တယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်တယ်။ ပြီးတော့ လုပ်ငန်းကော်မတီလုပ်တယ်။ ပြီးတော့ UPDJC တစ်ဆင့်ပြီးတစ်ဆင့် လုပ်တာပေါ့။ နောက်ဆုံးကျမှ ညီလာခံကို လာတာကိုး။ အဲဒီပုံစံရှိတယ်။ သို့သော် အဲဒီအထဲမှာ တကယ့်ထိပ်သီးတွေက ဝင်ပြီးတော့ ဆွေးနွေးဆုံးဖြတ် ပေးရမယ့် Top Down Approach ကို ကျွန်တော်တို့ ဒီဇိုင်းလုပ်တာ ယနေ့အထိ မသုံးရသေးဘူး။ ဆိုတော့ အဲဒီအသုံးမချသေးတဲ့ ကဏ္ဍကို ကျွန်တော်တို့အနေနဲ့ နောက်နောင်မှာဆိုတော့ ပိုပြီးတော့ အသုံးချဖို့လိုတယ် ဆိုတာတော့ ကျွန်တော်သဘောတူတယ်။ အခုအချိန်မှာ ကျွန်တော်တို့က နည်းပညာအရ ကျွန်တော်တို့ အားလုံးဆွေးနွေးပြီးပြီ။ ဒီမိုကရေစီ အကြောင်းလည်း ဆွေးနွေးပြီးပြီ။ ဖက်ဒရယ် အကြောင်းလည်း အားလုံးဆွေးနွေးပြီးပြီ။ သဘောထားတွေအားလုံး စုစည်းပြီးပြီ။ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ အားလုံးစုစည်းပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချလို့ မရဘူး။ ဘာလို့ ဆုံးဖြတ်ချက်ချလို့ မရလဲဆိုတော့ နိုင်ငံရေးအရ အရေးကြီးဆုံး ဆုံးဖြတ်ချက်ချရမယ့် ကိစ္စမှာ ကျွန်တော်တို့ လူကြီးတွေ ဆုံးဖြတ်ချက် မချမပေးချင်း ကျွန်တော်တို့ ဒီမှာဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး ဒီမှာ အဖြေထွက်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် အခုက နည်းပညာအရ ပြဿနာ မဟုတ်တော့ဘူး။ နိုင်ငံရေးအရ ထိပ်ဆုံးက ပုဂ္ဂိုလ်တွေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လို ဒါမှမဟုတ် တပ်ချုပ်ကြီးလို ပြီးတော့ ကျွန်တော်တို့ ဘက်ကလည်းပဲ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ ကိုယ်တိုင်က နိုင်ငံရေးအရ သတ္တိရှိရှိ ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။ အဲဒါကို ကျွန်တော်တို့ မလုပ်နိုင်သေးဘူး။ အဲဒါလုပ်ဖို့လိုတယ် ဆိုတာကိုတော့ ကျွန်တော်တို့ဘက်ကလည်း တင်ပြတယ်။ အဲဒါကိုပဲ ဦးဇော်ဌေး ထည့်ပြောတာ ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရခြင်းဖြစ်သည်။

 

Most Read

Most Recent