ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲစခန်းများအား တိုက်ခိုက်မှုသည် မြန်မာ့တပ်မတော်က တုံ့ပြန်မှုကို လှုံ့ဆော်ရန် ရည်ရွယ်ခဲ့ဟု လေ့လာမှုတစ်ခုက သုံးသပ်ထားကြောင်း Channel News Asia က ဖော်ပြ

ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲစခန်းများအား တိုက်ခိုက်မှုသည် မြန်မာ့တပ်မတော်က တုံ့ပြန်မှုကို လှုံ့ဆော်ရန် ရည်ရွယ်ခဲ့ဟု လေ့လာမှုတစ်ခုက သုံးသပ်ထားကြောင်း Channel News Asia က ဖော်ပြ
Published 23 September 2017

သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်ရှိ လုံခြုံရေး စခန်းများအား ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ (ARSA) က တိုက်ခိုက်ခဲ့မှုသည် အပြည်ပြည်ဆိုင်ရာ၏ အာရုံစိုက်မှုနှင့် ကရုဏာသက်မှုကို ရရှိရန်အတွက် ကြီးမားသော တုံ့ပြန်မှုအား ရန်စလှုံ့ဆော်ရန် ရည်ရွယ်ခဲ့ကြောင်း ဝါရှင်တန်ရှိ National War College မှ ပါမောက္ခ ဇာချရီအဘူဇာက လေ့လာမှုတစ်ရပ်တွင် ရေးသားခဲ့ကြောင်း Channel News Asia က ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်က “ရှင်းလင်းရေး စစ်ဆင်မှု”၊ “လူ့အခွင့်အရေး ချိုးဖောက်မှုများ” နှင့် တုံ့ပြန်မည်ကို သိသိနှင့် ARSA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါမောက္ခ အဘူဇာက မကြာမီထုတ်ပြန်မည့် အစီရင်ခံစာတွင် ရေးသားခဲ့သည်ဟု Channel News Asia က ဆိုသည်။ အရှေ့တောင်အာရှတွင် စစ်သွေးကြွများနှင့် ပုန်ကန်မှုများအား အထူးပြုလေ့လာသူ ပါမောက္ခအဘူဇာက မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မူဝါဒများသည် ARSA အတွက် လူသစ်စုဆောင်းရေးကို ထပ်မံတွန်းအား ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

“တိုင်းရင်းသား လူနည်းစုတွေကို ဖိနှိပ်တဲ့ မှတ်တမ်းရှည်ကြီးရှိတဲ့ ကမ္ဘာမှာ ၁၁ ခုမြောက် အကြီးဆုံး မြန်မာစစ်တပ်ကို တိုက်ခိုက်တဲ့ အထောက်အပံ့ နည်းနည်းပဲရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို ဆုံးရှုံးစရာ ဘာမျှမရှိတဲ့ လူတွေကပဲ ပူးပေါင်းမှာပါ” ဟု ပါမောက္ခ အဘူဇာက ထပ်မံပြောကြားခဲ့သည်။

အရှေ့တောင်အာရှရှိ အကြမ်းဖက် အဖွဲ့များနှင့် အကျွမ်းတဝင်ရှိသည့် ဒေသတွင်း လုံခြုံရေး သတင်းရင်းမြစ်က ပါမောက္ခ အဘူဇာ၏ သဘောထားနှင့် ကိုက်ညီသော အမြင်ရှိနေသည်။

“မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် နှိမ်နင်းမှုနဲ့ဆိုတော့ ARSA က အခုဆိုရင် သူတို့လိုချင်တဲ့ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုကို ရထားပါပြီ” ဟု အမည်မဖော်လိုသော အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

လောလောဆယ်၌ ARSA သို့ ဝင်ရေးသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ ဘာသာရေးဝတ္တရား ဖြစ်လာနေကြောင်း ပါမောက္ခအဘူဇာက ပြောကြားခဲ့သည်။ ဂိုဏ်းများ၏ရန်မှ အကာအကွယ်ရရန်နှင့် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီရရန် ဒုက္ခသည် စခန်းများမှ လူများသည် စစ်သွေးကြွအဖွဲ့များသို့ ဝင်ရောက်ကြကြောင်း အဘူဇာက ပြောကြားခဲ့သည်။

ယခုအချိန်အထိ ARSA သည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်မှု အနည်းငယ်သာ ရှိနိုင်သော ဒေသခံအဖွဲ့ ဖြစ်နေသေးသည်ဟု ဆိုသည်။

“အရှေ့အလယ်ပိုင်းနဲ့ တခြားနေရာတွေက ထောက်ပံ့ငွေတွေ မရမီတော့ ဒါက အချိန်က အဖြေပေးမယ့် မေးခွန်းပါ” ဟု ဒေသတွင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ သတင်းရင်းမြစ်က ဆိုခဲ့သည်။

အင်အားကြီးသော မြန်မာစစ်တပ်ကို ဆန့်ကျင်မှုသည် ARSA တို့အတွက် အင်အား မမျှသော လုပ်ရပ်ဖြစ်သည်။

“ARSA ကို ပူးပေါင်းတာက ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုပါပဲ” ဟု အသက် ၂၈ နှစ်အရွယ် ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် မိုဟာမက် အီမရန်က Channel News Asia သို့ ပြောကြားခဲ့သည်။

“ကျွန်တော်က ARSA ကိုဝင်ဖို့ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ မြန်မာအစိုးရကို စိတ်ပျက်၊ ဒေါသထွက်နေတဲ့ လူငယ်တွေက ဝင်ကြပါတယ်” ဟု ဇူလိုင်လက မလေးရှားသို့ ရောက်ခဲ့သည့် အီမရန်က ပြောကြားခဲ့သည်။

Most Read

Most Recent