မောင်တောမြို့နယ် မြောက်ပိုင်း မြဝတီကျေးရွာနှင့် ခူတိုင်ကျေးရွာမှ ကျောင်းဆရာများနှင့် ရွာသူရွာသားများ မေယုတောင်ပေါ်တွင် ပုန်းခိုနေရဆဲဖြစ်နေ

မောင်တောမြို့နယ် မြောက်ပိုင်း မြဝတီကျေးရွာနှင့် ခူတိုင်ကျေးရွာမှ ကျောင်းဆရာများနှင့် ရွာသူရွာသားများ မေယုတောင်ပေါ်တွင် ပုန်းခိုနေရဆဲဖြစ်နေ
Published 29 August 2017

မောင်တောမြို့နယ် မြောက်ပိုင်း မြဝတီကျေးရွာနှင့် ခူတိုင်ကျေးရွာမှ ကျောင်းဆရာများနှင့် ရွာသူရွာသားများ မေယုတောင်ပေါ်တွင် ပုန်းခိုနေရဆဲဖြစ်ပြီး အရေးပေါ် ကယ်ထုတ်ရန် လိုအပ်နေကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

“ နေ့တိုင်းပြေးနေရတယ်။ ထမင်းကို ယောကျာ်းတွေက မနက်မိုးလင်းတာနဲ့ တောင်အောက်ကို ဆင်းရတယ်။ ထမင်းကို တောင်ပေါ်ကို ယူလာရတယ်။ ကျွန်တော်တို့ရွာမှာ ဘယ်လိုနေလို့ရမလဲ။ ဘင်္ဂါလီတွေက ပတ်ဝိုင်းထားတာ။ အကူအညီတောင်းတာ သုံးလေးရက် ရှိပြီ။ မလာသေးဘူး " ဟု မြဝတီကျေးရွာတွင် တာဝန်ကျသည့် ကျောင်းဆရာတစ်ဦးနှင့် ဖုန်းဖြင့်ဆက်သွယ် ပြောကြားချက်အရ သိရသည်။

အဆိုပါ ကျေးရွာများတွင် လူ ၁၀၀ ခန့်ရှိပြီး ခမီ၊ မြို တိုင်းရင်းသားများ နေထိုင်ကြောင်း၊ အိမ်ခြေ တစ်ရာခန့်ရှိကြောင်း၊ လက်ရှိတွင် တောင်ပေါ်တွင် နေထိုင်ရကြောင်း၊ မည်သည့်နေရာမျှ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

" တောင်ပေါ်ကို ထပ်သွားခိုင်းတာ ဆိုရင်တော့ အန္တရာယ်ရှိနေတယ်။ အောက်ဖက်ကလည်း မသွားရဲဘူး။ တွေ့တာနဲ့ အကုန်လုံး အကြမ်းဖက် သတ်ဖြတ်ခံရမှာပါပဲ။ ကားလမ်းနားတောင် ရောက်မှာ မဟုတ်ဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းတို့အနေဖြင့် ကူညီကယ်ဆယ်ရန် အစိုးရတာဝန်ရှိသူများနှင့် တပ်မတော်အား ဆက်သွယ်မှု ပြုလုပ်ထားပြီး လက်ရှိအချိန်ထိ မည်သို့မျှ ထူးခြားခြင်း မရှိသေးကြောင်း၊ မည်သည့် လုံခြုံရေး၊ ကူညီကယ်ဆယ်မှုမျိုးမှ လာရောက်ခြင်း မရှိသေးကြောင်း အဆိုပါကျောင်းဆရာက ပြောကြားသည်။

မောင်တောမြို့တွင် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် လက်ရှိတွင် ဌာနေတိုင်းရင်းသားများမှာ ထွက်ပြေးတိမ်းရှောင်ရလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent