ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသို့ အကူအညီပေးရန် အမေရိကန်နှင့် မြန်မာ သဘောတူလက်မှတ်ရေးထိုး

ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသို့ အကူအညီပေးရန် အမေရိကန်နှင့် မြန်မာ သဘောတူလက်မှတ်ရေးထိုး
Published 23 August 2017

ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသို့ အကူအညီပေးရန် အမေရိကန်နှင့် မြန်မာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် အမေရိကန် သံအမတ်ကြီး Scot Marciel နှင့် ခေတ္တရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးတို့ ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသို့ အကူအညီပေးရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“မြန်မာအစိုးရက ပြည်သူတွေကို ကာကွယ်ပေးပြီး ပြည်သူ့အကျိုးသယ်ပိုးရာမှာ အမေရိကန် ပြည်ထောင်စုက အကူအညီပေးဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ နိုင်ငံဖြတ်ကျော် မှုခင်းများနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် အစိုးရအင်စတီကျူးရှင်းတွေနဲ့ လက်တွဲဆောင်ရွက်သွားရေးဟာ အမေရိကန်အစိုးရကိုယ်စားပြု ကျွန်တော်တို့သံရုံးရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်” ဟု သံအမတ်ကြီး Scot Marciel ကပြောကြားသည်။

အရပ်ဘက်အဖွဲ့အစည်းများ၊ တရားရုံးများ၊ ဥပဒေအရာရှိများနှင့် ရဲများအပါအဝင် တရားဥပဒေစိုးမိုးရေး ကဏ္ဍများအား နည်းပညာ လေ့ကျင့်သင်တန်းပေးခြင်း၊ ရုပ်ဝတ္တု အကူအညီပေးခြင်း၊ တရားရေးကျင့်ဝတ်နှင့် အမှုတွဲ လေ့လာဆန်းစစ်ချက်များအား ပိုမိုနားလည် သဘောပေါက်စေရန် ယခင်နှစ်က အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၁ သန်းကျော် ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။