အစားအသောက်များကို ဥပဒေနှင့်အညီထုတ်လုပ်ရေး ပြည်ပသို့တင်ပို့ရောင်းချရေးတို့တွင် FDA ကြောင့် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် တာဝန်ခံကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အစားအသောက်များကို ဥပဒေနှင့်အညီထုတ်လုပ်ရေး ပြည်ပသို့တင်ပို့ရောင်းချရေးတို့တွင် FDA ကြောင့် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် တာဝန်ခံကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 6 October 2018

ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြောကြားနေစဉ်

အစားအသောက်များကို ဥပဒေနှင့်အညီ ထုတ်လုပ်နိုင်ရေး အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ကိစ္စများတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကြောင့်  နှောင့်နှေးကြန့်ကြာမှုမရှိစေရေး တာဝန်ခံကြောင်း အောက်တိုဘာ ၅ ရက်က UMFCCI တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

“အစားအသောက်ကို ဥပဒေနဲ့အညီ ထုတ်လုပ်နိုင်ရေးသတ်မှတ်  ဆောင်ရွက်ဖို့ဆိုရင် SOP တွေ၊ Guide Line တွေ ကျွန်တော်တို့ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ဟာတွေက ပါရမှာဖြစ်ပါတယ်။ အဲဒါတွေကို FDA ကနေ လုံးဝပံ့ပိုးပေးပါတယ်။ FDA ကြောင့် ဥပဒေဆွဲတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒီအချက်တွေကို လုံးဝမကြန့်ကြာစေရပါဘူး။ လုံးဝတာဝန်ခံပါတယ်။ အဖြစ်နိုင်ဆုံး အမြန်ဆုံးကျွန်တော်လုပ်ပေးမယ်။ တစ်ရက်မြန်ရင်တစ်ရက် ပြည်သူတွေအန္တရာယ်မရှိဘူး။ အဲဒီတော့ ကျွန်တော်လုံးဝပံ့ပိုးပေးမယ်။ ပြည်ပကို အစားအသောက်တွေတင်ပို့ ရောင်းချနိုင်ရန်လည်း FDA ကလည်း အမြန်ဆုံးလုပ်ပေးမယ်။ နောက်ကျတယ်ကြာတယ်ဆိုရင် ဘယ်လိုကိစ္စဖြစ်ဖြစ် ကျွန်တော်ဆီတိုက်ရိုက်ပို့ပါ။ ကျွန်တော်တို့ဆီတိုက်ရိုက်ပို့။ DG ကို  Copy ပေး။ တိုက်ရိုက်ပဲလုပ်ပါ။ အရမ်းအရေးကြီးပါတယ်။ ဒါကို နှောင့်နှေးတယ်ဆိုရင်စားသုံးသူ ထုတ်လုပ်သူရောင်းချသူအကုန်လုံးကို ထိခိုက်တဲ့အတွက် တိုင်းပြည်အတွက် စီးပွားရေးကို ထိခိုက်တယ်။ ဒါကမြန်လေကောင်းလေ။ လူတွေကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာစားရတဲ့အပြင် စီးပွားရေးမှာလည်း ပြေလည်မယ်။ ကျွန်တော်တို့ နိုင်ငံက စီးပွားရေး ပြေလည်မှုက အဓိကပါ။ နှစ်ခုအကျိုးရှိတာပေါ့။ စီးပွားရေမှာလည်း အဆင်ပြေတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာလည်း စားရမယ်။ FDA ကြောင့် နှောင့်နှေးကြန့်ကြာမှုလုံး၀ မရှိစေရဘူး။ လုံးဝတာဝန်ခံပါတယ်။ ဒါကို ကျွန်တော်ဖြစ်အောင်လုပ်ပေးမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာများမှာ လိုက်နာရမည့်မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့်ညွှန်ကြားချက်များ၊ Export and Import အပါအဝင် FDA ထောက်ခံ ချက်လျှောက်ထားခြင်းလုပ်ငန်းစဉ်များ၊ FDA ဓာတ်ခွဲခန်းဝန်ဆောင်မှုများ၊ စားသောက်ကုန် ကုန်စည်များတွင် ဖော်ပြရမည့် ကုန်ညွှန်းအမှတ်အသားများအားရှင်းလင်းခြင်း၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ လိုက်နာရမည့်စည်းကမ်းများ၊ ပြည်တွင်းစားသုံးသူနှင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ၊ စားသောက်ကုန်များ ထုတ်လုပ်သည့် SME  များဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်ထုတ်လုပ်မှု အသိပညာပေးရေးစသည့် အကြောင်းအရာများကို အဓိကဆွေးနွေးခဲ့သည်။

 

Most Read

Most Recent