ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်သာ ရှိသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၆၂၂ ကျပ်အထိ စံချိန်သစ်ထပ်တင်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်သာ ရှိသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၆၂၂ ကျပ်အထိ စံချိန်သစ်ထပ်တင်
Published 20 September 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေးလဲလှယ် ရောင်းဝယ်ရေး ကောင်တာတစ်ခုတွင် ငွေလဲလှယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

စက်တင်ဘာ ၁၉ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၆၂၂ ကျပ်အထိ စံချိန်တင် ဆက်လက် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည် ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ် ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့် ငွေကြေးများနှင့်နှိုင်းယှဉ်ပါက သိသိသာသာ ဆက်လက်အားပျော့နေသည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၁၉ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၆၀၅ ကျပ်နှင့်နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ၂၇၆ ကျပ်၊ ရာခိုင်နှုန်း ၂၀ ကျော် ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။ စက်တင်ဘာ ၁၉ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၅၅၇ ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်ဈေးနှုန်းထက် ခုနစ်ကျပ် မြှင့်တင်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင်ဘာ ၁၉ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၈၄၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၅၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၈၀ ကျပ်၊ ထိုင်းဘတ် ၄၉ ဒသမ ၂၀ ကျပ်၊ တရုတ်ယွမ် ၂၂၉ ကျပ်၊ ဂျပန်ယန်း ၁၄ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၅၀ ကျပ်ဖြစ်သည်။