ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုစုပေါင်း ကျပ် ၁၃၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် အိမ်ရာစီမံကိန်းများနှင့် YBS လုပ်ငန်း၏ ကုမ္ပဏီနှစ်ခုတွင် ကျပ်သန်းပေါင်းများစွာ အရှုံးပေါ်နေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုစုပေါင်း ကျပ် ၁၃၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် အိမ်ရာစီမံကိန်းများနှင့် YBS လုပ်ငန်း၏ ကုမ္ပဏီနှစ်ခုတွင် ကျပ်သန်းပေါင်းများစွာ အရှုံးပေါ်နေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရ
Published 15 September 2018

ရန်ကုန်မြို့အတွင်း သွားလာနေသော YBS ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စုစုပေါင်း ကျပ် ၁၃၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် အိမ်ရာစီမံကိန်းများနှင့် YBS လုပ်ငန်း၏ ကုမ္ပဏီနှစ်ခုတွင် ကျပ်သန်းပေါင်းများစွာ အရှုံးပေါ်နေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာအား စက်တင်ဘာ ၁၄ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းချုပ် ဒေါ်ခင်သန်းလှမှ လွှတ်တော်တွင် လာရောက်ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့အစည်းများတွင် ရင်းနှီးငွေ ကျပ် ၁၃၄ ဘီလျံအား အိမ်ယာစီမံကိန်းလုပ်ငန်းများအတွက် Yangon Metropolitan Development Public ကုမ္ပဏီလီမိတက်မှာ ၅၄ ဘီလျံ၊ New Yangon Development Operation မှာ ကျပ် ၁၀ ဘီလျံ စုစုပေါင်း ရင်းနှီး ငွေကျပ် ၆၄  ဘီလျံထည့်ဝင်ထားပြီး၊ ခရီးသည်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီများတွင် ကျပ် ၇၀ ဘီလျံ ထည့်ဝင်ထားပါတယ်။ အဲဒီထဲမှာ ရန်ကုန်ဘတ်စ်ကား အများနှင့်ဆိုင်သော ကုမ္ပဏီ (YBPC) )နဲ့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးအများနဲ့ သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) တို့မှာ ကျပ် ၃၅ ဘီ လျံစီ ထည့်ဝင်ထားတာ ဖြစ်ပါတယ်” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။

Yangon Metropolitan Development Public ကုမ္ပဏီလီမိတက်အား အများနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုအဖြစ် မဟာရန်ကုန်မြို့တော်သစ် တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍကိုယ်စားပြု မြန်မာဆောက်လုပ်ရေးနှင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်း Yangon Metropolitan Development Public ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်မည့် စီမံကိန်းများသည် မရမ်းကုန်းဗီလာ အဆင့်မြင့်အိမ်ယာ၊ ပါရမိအိမ်ယာစီမံကိန်း၊ နိုင်ငံဝန်ထမ်း အငှားအိမ်ယာစီမံကိန်း၊ ငွေပင်လယ် Dryport စီမံကိန်း၊ လူထုဘ၀ မြှင့်တင်ရေးအိမ်ယာ (တွံတေး ပရောဂျက်)၊ ဒဂုံအရှေ့ခေတ်မှီ စက်မှုဇုန်နှင့် စက်မှုဇုန် အထောက်အကူပြု စီမံကိန်းမြောက်ပိုင်းတို့ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီရဲ့ ၂၀၁၇ မတ် ၈ ရက်ကနေ ၂၀၁၇ မတ် ၃၁ ရက်နေ့အထိ စာရင်းများကို စာရင်းစစ်အဖွဲ့က စစ်ဆေးခဲ့ပါတယ်။ လုပ်ငန်းဆောင်ရွက်မှု မရှိသေးသော်လည်း လုပ်ငန်းနဲ့ စီမံခန့်ခွဲရေးစရိတ်များကြောင့် ကျပ် သန်း ၁၁ ဒသမ ၄၆၀ အရှုံးပေါ်ပေါက်ခဲ့တာကို တွေ့ရှိရတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းနဲ့စာရင်းများကို ပြင်ပစာရင်းစစ်အဖွဲ့နဲ့ စစ်ဆေးနိုင်ခြင်းမရှိသေးပေမယ့် ကုမ္ပဏီက ရေးဆွဲတဲ့ စာရင်းမှတ်တမ်းအရ ဘဏ်တိုးများရရှိတဲ့အတွက် အသားတင်အမြတ် ကျပ် ၂၂၁၉ ဒသမ ၀၂၈ သန်း ရရှိခဲ့ပါတယ်” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။

လုပ်ငန်းဆောင်ရွက်နေမှုအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် နိုင်ငံဝန်ထမ်းအိမ်ယာ၊ မရမ်းကုန်းဗီလာ စီမံကိန်းမြေတိုင်းတာခြင်း နှင့် ငွေပင်လယ်စက်မှုဇုန်မြေနှင့် ရေတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနမှ လွှဲပြောင်းရယူထားသည့် နိုင်ငံပိုင် မရမ်းကုန်းဗီလာမြေ ၁၁ ဒသမ ၈၉ ဧကတွင်ရှိသည့် အဆောက်အဦး ခြောက်လုံးအား ကုမ္ပဏီပိုင်မြေများအဖြစ် ပေးချေထားခြင်းနှင့် ဆူးလေဘုရားလမ်းရှိ နိုင်ငံပိုင် အဆောက်အဦးအား ကုမ္ပဏီပြင်ဆင်ဆောင်ရွက်ခြင်းများ ပြုလုပ်ထားသဖြင့် နောင်တွင်ပိုင်ဆိုင်မှုများရှုပ်ထွေးလာနိုင်ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

“အထက်ပါ စီမံကိန်းလုပ်ငန်းများက စွန့်စားပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် မမျှော်မှန်းနိုင်သည့် ပြဿနာများ ဖြစ်ပေါ်လာပါက နိုင်ငံတော်ဘဏ္ဍာရန် ပုံငွေတွေ ဆုံးရှုံးနိုင်တဲ့အတွက် နိုင်ငံတော်ဘက်မှ အကာအကွယ်အစီအမံများ ပြုလုပ်ဆောင်ရွက်ထားရန် လိုအပ်ပါတယ်။ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအတွက် ရေရှည်စီမံကိန်းများ ရေးဆွဲပြုထားသင့်ပါတယ်။ စီမံကိန်းလုပ်ငန်းများအောင်မြင်ဖို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သင့်ပါတယ်” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည် ဆောင်ရွက်ရန်အတွက် New Yangon Development Operation ကုမ္ပဏီလီမိတက်အား အစိုးရမှ တစ်ရာ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီအဖြစ်ဖွဲ့စည်းပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရင်းနှီးငွေ ကျပ် ၁၀ ဘီလျံဖြင့် စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ပြင်ပစာရင်းစစ်အဖွဲ့များ၏ စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်မှု မရှိသေးကြောင်း၊ တင်ပြသည့် စာရင်းများအရ ဝင်ငွေရရှိမှုမရှိသေးဘဲ အသုံးစရိတ်သည် စုစုပေါင်း ကျပ် ၉၂ ဒသမ ၆၁၁ သန်း သုံးစွဲထားကြောင်း၊ လက်ကျန်ငွေ ကျပ် ၉၉၀၆ ဒသမ ၅၃၉ သန်းအား ဧရာဝတီဘဏ်၊ ကျပ် ၅၉၈၈ ဒသမ ၅၇၄ သန်းအား ကမ္ဘောဇဘဏ်တွင် ထည့်ဝင်ထားကြောင်း၊ ကျပ် ၃၃၀၆ ဒသမ ၈၄၄ သန်းတို့အား အပ်နှံထားရှိပြီး လက်ဝယ်ကိုင်ဆောင်ငွေအဖြစ် ၁၁ ဒသမ ၁၁ သန်း ကိုင်ဆိုင်ထားကြောင်း စာရင်းစစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) နှင့် ရန်ကုန်မြို့ပြ အများသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ (YUPT) တို့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် စာရင်းများကို ပြင်ပစာရင်းများ စစ်ဆေးအတည်ပြုကြောင်းနှင့်၂၀၁၇-၂၀၁၈ ခုနှစ် အဘဏ္ဍာရေးနှစ်တွက် ပြင်ပစာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးမှုမရှိသေးကြောင်း၊ စစ်ဆေးအတည်ပြုထားသည့် ဘဏ္ဍာရေးရှင်းတမ်းများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တင်ပြသည့် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးအတွက် အနှစ်ချုပ်စာရင်းများအရ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) သည်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၄၉ ဒသမ ၃၄၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၀၉၂ ဒသမ ၅၂၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၉၃၈ ဒသမ ၉၃၉ သန်း အရှုံးဖြစ်ပေါ်ခဲ့ကြောင်း၊ ရန်ကုန်မြို့ပြ အများသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ (YUPT) တို့သည် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၅ ဒသမ ၅၄၁ သန်း အမြတ်ရရှိသော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၆၀၃ ဒသမ ၀၇၉ သန်း အရှုံးပေါ်ပေါက်ခဲ့ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထည့်ဝင်ရင်းနှီးမြှုပ်နှံငွေများနဲ့ဆောင်ရွက်နေသော (YBPC) နဲ့ (YUPT) ကုမ္ပဏီနှစ်ခုတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မတွေ ပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်အသစ်များ အရင်းမကျေမီကာလတွင် ငွေချေး အကျိုးအမြတ်များ ရရှိမှုသေးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရင်းနှီးမြှုပ်နှံမှုအပေါ် ငွေချေးအကျိုး အမြတ်မရရှိသေးပါဘူး” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့လုံခြုံစွာ ခရီးသွားနိုင်ရေး ဝန်ဆောင်မှုအရည်အသွေးကောင်းများ ပေးနိုင်ရန်အတွက် ယာဉ်များကိုပုံမှန် ပြုပြင်ထိန်းသိမ်းခြင်း၊ ကုမ္ပဏီအသီးသီး၏ ယာဉ်လိုင်းများ ပိုမိုစည်းကမ်းကောင်းမွန်ရေး၊ ခရီးသွားပြည်သူများ အဆင်ပြေစေရေး၊ လမ်းကြောင်းများတိုးချဲ့ ပြေးဆွဲနိုင်ရေး ရင်းနှီးမြှုပ်နှံမှုအပေါ် ဆုံးရှုံးနည်းပါး၍ သင့်တင့်တဲ့ အကျိုးအမြတ်များ ရရှိရေးအတွက်ကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

 

Most Read

Most Recent