မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း စစ်ဆေးရေးဂိတ်၌ ကျပ်သိန်းပေါင်း ၄၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅၀,၀၀၀ ကျော်နှင့် ရွှေထည်ပစ္စည်းများ ဖမ်းဆီးရမိ

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း စစ်ဆေးရေးဂိတ်၌ ကျပ်သိန်းပေါင်း ၄၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅၀,၀၀၀ ကျော်နှင့် ရွှေထည်ပစ္စည်းများ ဖမ်းဆီးရမိ
Published 13 September 2018

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း စစ်ဆေးရေးဂိတ်၌ ကျပ်သိန်းပေါင်း ၄၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅၇,၂၅၀ ပြားနှင့် ရွှေထည်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် မောင်တောမြို့နယ် နယ်မြေ (၄) ကြိမ်ချောင်း စစ်ဆေးရေးဂိတ်၌ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် မောင်တောမှ ခမောင်းဆိပ်ကျေးရွာသို့ မောင်တောမြိုနယ် (၃) မိုင်ကျေးရွာနေ အောင်ကျော်ဌေး (၂၄) နှစ်မောင်းနှင်ပြီး ဦးအေးထွန်း (၅၃)နှစ်နှင့် မင်္ဂလာညွန့်ကျေးရွာနေ ကိုကိုဝင်း (၂၀)နှစ်တို့ လိုက်ပါလာသည့် 5M/---- Lifan ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ ကျောပိုးအိတ် နှစ်လုံးအတွင်း ထည့်ထားသည့် အထုပ် ၁၁ ထုပ်အတွင်းမှ WY စိတ်ကြွဆေးပြား ၄၀,၀၀၀နှင့် ကိုကိုဝင်း၏ ခါးပတ်အိတ်အတွင်းမှ ကျပ် ၁,၀၀၀,၀၀၀၊ ရွှေနားကပ်နှစ်ရန်၊ ရွှေဆွဲကြိုး တစ်ကုံးတို့အား လည်းကောင်း၊ ယင်းယာဉ်နောက်မှ ကပ်၍ လိုက်ပါလာသော ဝေလာတောင်ကျေးရွာနေ ဟိန်းစိုးသူ (၂၀) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်း၏ ကျောပိုးအိတ်တွင်းရှိ အထုပ်တစ်ထုပ်အတွင်း ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၀,၀၀၀ အား လည်းကောင်း၊ မောင်မောင် (ခ) မောင်လှ (၂၉) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်း၏ ကျောပိုးအိတ်အတွင်း ထည့်ထားသည့် အထုပ် လေးထုပ်နှင့် ဆိုင်ကယ် ခွကြားရှိ ကျောပိုးအိတ်အတွင်း ထည့်ထားသည့် အထုပ် သုံးထုပ်အတွင်းတို့မှ WY စိတ်ကြွဆေးပြား ၁၀၇,၂၅၀ နှင့် ကျပ် ၇၈၀,၀၀၀ တို့အား လည်းကောင်း စုစုပေါင်း WY စိတ်ကြွဆေးပြား ၁၅၇,၂၅၀ ပြား (တစ်ပြားလျင် ကျပ် ၃,၀၀၀ နှုန်းဖြင့်) တန်ဖိုးကျပ် ၄၇၁၇ ဒသမ ၅ သိန်းတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူတို့အား စစ်မေးရာ မောင်တောမြို့နေ မွတ်စလင်လူမျိုး တစ်ဦး (စိစစ်ဆဲ)က မူးယစ်ဆေးဝါး အထုပ်တစ်ထုပ်လျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ခမောင်းဆိပ်ကျေးရွာ လမ်းဆုံသို့ ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် မောင်မောင် (ခ) မောင်လှ၊ အောင်ကျော်ဌေးပါ သုံးဦးနှင့် မူးယစ်ဆေးဝါးများ ပိုင်ရှင် မွတ်စလင်လူမျိုး (စိစစ်ဆဲ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီတွင် မောင်တောမြို့နယ် ရွှေဇား (အလယ်) ကျေးရွာနေ အာရ်တာဟူဆောင်း၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၆,၀၀၀ ပြားကို လည်းကောင်း၊ ညနေ ၄ နာရီ မိနစ် ၂၀ တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း-တောင်ပြိုဝဲ ကားလမ်း၊ မီးတိုက်ကျေးရွာ လမ်းဆုံအနီးတွင် နုရ်ကာမာလ်(ခ) နိုခါမာ မောင်းနှင်ပြီး ဇာဟဲတာလောင်း လိုက်ပါလာသည့် Toyota Probox မော်တော်ယာဉ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်မှ နုရ်ကာမာလ်(ခ)နိုခါမာ (၂၁)နှစ်၊ ဇာဟဲတာလောင်နှင့် အာရ်တာဟူဆောင်း (ဖမ်းမမိသေး) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent