ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ယာဉ်ရပ်နားရာနေရာနှင့် လေဆိပ်အဆောက်အအုံ ဆက်သွယ်ထားသည့် Sky Link အား ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
၂၀၁၆ ခုနှစ် မတ် ၁၂ ရက်က ဖွင့်လှစ်ခဲ့သည့် ခရီးသည် အဆောက်အအုံသစ် Terminal 1 သည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိ RC & Steel Building ဖြစ်ပြီး Basement အပါအဝင် ငါးထပ်အဆောက်အအုံ ဖြစ်သည်။ အဆိုပါ လေဆိပ်အဆောက်အအုံအား ကားရပ်နားရာ နေရာမှ ဝင်ရောက် ထွက်ခွာနိုင်မည့် အလျား ၁၀၁ မီတာ၊ အမြင့် ၂၄ ဒသမ ၄၈ မီတာရှိ Sky Link နှင့် ဆက်သွယ် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ လေဆိပ်ကားပါကင်နှင့် လေဆိပ်အဆောက်အအုံအား ဆက်သွယ်ထားသည့် Sky Link အား ထည့်သွင်းတည်ဆောက် ထားသော်လည်း ယခုအထိ အသုံးပြုနိုင်ရန် ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရသည်။ ယင်းကဲ့သို့ Sky Link အား ခရီးသွားပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးခြင်း မရှိသည့် အကြောင်းရင်းမှာ အဆိုပါ Sky Link မှ လေဆိပ်အဆောက်အုံသို့ ဝင်ရောက်သည့် အထပ်သည် လေဆိပ်အဆောက်အအုံ၏ Level 4 အထပ်ဖြစ်ပြီး Duty Free အရောင်းဆိုင်များနှင့် အပန်းဖြေနေရာများ ပါဝင်သည့် Level ဖြစ်ပြီး အဆိုပါ အပန်းဖြေနေရာများကို တည်ဆောက်ပြီးစီးခြင်း မရှိသေးသည့်အတွက် Sky Link အား အသုံးပြုနိုင်ရန် ခွင့်မပြုသေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အဆိုပါ အပန်းဖြေရာ နေရာများ တည်ဆောက်ပြီးစီးခြင်း မရှိသေးသော်လည်း ခရီးသည်များ သွားလာမှု အဆင်ပြေစေရန်အတွက် Sky Link အား ဖွင့်လှစ်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“Terminal 1 ခရီးသည် အဆောက်အအုံနဲ့ ကားပါကင်ကို ဆက်သွယ်ထားတဲ့ Sky Link ကနေ ကားလမ်းကို ဖြတ်ကူးရင် လေဆိပ်အဆောက်အအုံရဲ့ Level 4 ကို ရောက်မှာ ဖြစ်ပါတယ်။ အဲဒီ Level 4 မှာက စားသောက်ဆိုင်၊ အရောင်းဆိုင်တွေနဲ့ ကစားကွင်းတွေပါဝင်တဲ့ Recreation Zone တည်ဆောက်နေတာ မပြီးသေးလို့ Sky Link ကို အသုံးပြုခွင့် မပေးသေးတာပါ။ အခုတော့ မိုးရွာနေတဲ့ အချိန်တွေမှာ ခရီးသည်တွေက လေဆိပ်ကိုလာဖို့ ကားလမ်းမကြီးကို ဖြတ်ကူးပြီး လမ်းအကြာကြီး လျှောက်နေရလို့ ဒီ Sky Link ကို အမြန်ဆုံးဖွင့်လှစ်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်။ နောက်နှစ်ပတ်လောက်မှာ Sky Link ကို အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
Terminal 1 ၏ Basement တွင် Arrival and Departure Baggage Handling ဧရိယာ၊ Check-in Hall & Counter ဧရိယာ၊ Arrival Immigration၊ Custom နှင့် Duty Free Shop ဧရိယာများ ပါဝင်ကာ ပထမထပ်တွင် Passport Control Area၊ Security Check၊ Departure Gate Lounge နှင့် Duty Free Shop ဧရိယာ၊ ဒုတိယထပ်တွင် Retail Area နှင့် တတိယထပ်တွင် Recreation Area များ ပါဝင်တည်ဆောက်ထားကြောင်း သိရသည်။
ယခုထပ်မံ တိုးချဲ့တည်ဆောက်ခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ခန့် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအရ လေဆိပ်အဆောက်အအုံသစ် တည်ဆောက်ရာတွင် ယခင်အသုံးပြုခဲ့သည့် ပြည်တွင်းခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ကာ ပြည်ပထွက်ခွာ၊ ဆိုက်ရောက်ဆောင်နှင့် တစ်ဆက်တည်း တည်ဆောက်သည့် လုပ်ငန်းအား လုပ်ကိုင်လျက်ရှိသည်။
အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.,Ltd သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှု လုပ်ငန်းများသာမက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှု လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။