ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်သည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်းအား ဒေါ်လာသန်း ၂၀၀ ဖြင့် ဆောင်ရွက်ရန် မြန်မာ-ဂျပန် လက်မှတ်ရေးထိုး

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်သည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်းအား ဒေါ်လာသန်း ၂၀၀ ဖြင့် ဆောင်ရွက်ရန် မြန်မာ-ဂျပန် လက်မှတ်ရေးထိုး
Published 7 September 2018

စက်တင်ဘာ ၆ ရက်က နေပြည်တော်ဘူတာကြီးတွင် ပဲခူး-ညောင်လေးပင်လမ်းပိုင်းအကြား မြို့ပြဆိုင်ရာလုပ်ငန်းများနှင့် အချက်ပြ ဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းဆိုင်ရာ ကန်ထရိုက်စာချုပ်ကို မြန်မာ့မီးရထားနှင့် Tekken RJ JV ကုမ္ပဏီတို့ လက်မှတ်ရေးထိုးစဉ်

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်းအား ဒေါ်လာသန်း ၂၀၀ ဖြင့် ဆောင်ရွက်ရန် မြန်မာ့မီးရထားနှင့် Tekken RJ JV ကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်က နေပြည်တော် ဘူတာကြီးတွင် ပဲခူး-ညောင်လေးပင် လမ်းပိုင်းအကြား မြို့ပြဆိုင်ရာလုပ်ငန်းများနှင့် အချက်ပြ ဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းဆိုင်ရာ ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာသန်း ၂၀၀ ခန့် ကုန်ကျမည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် ၁၆၆ မိုင်ရှိပြီး တံတားပြုပြင်ခြင်းလုပ်ငန်းများနှင့် အချက်ပြ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ပထမဆုံး စတင်ဆောင်ရွက်မည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

“အကြမ်းဖျင်းပြောရင် ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် အကုန်အကျ ခံရပါတယ်။ တစ်ခုတစ်ခုကိုပေါ့။ အများကြီး ကြီးပါတယ် Size က။ ကျွန်တော်တို့ အဲဒီတန်ဖိုးက သံလမ်းတွေ ဝယ်တာပါတယ်။ တံတားတွေကို ကျွန်တော်တို့ ရထားလမ်းတွေ အစတုန်းကဆိုရင် တန်ချိန်များများ မခံနိုင်ဘူးပေါ့။ ၁၂ ဒသမ ၅ တန်ကနေ ၂၀ တန်အထိ မြှင့်တင်ပြီးတော့ သယ်မှာဖြစ်ပါတယ်။ ကွန်တိန်နာတွဲတွေအထိကို လုပ်နိုင်အောင်။ နောက်ပြီးတော့ Heavy ဖြစ်တဲ့တန်တွေကို သယ်နိုင်အောင် အတွက် ဒီလိုပြုပြင်ပေးတာ ဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောကြားသည်။

လေးနှစ်ကြာ ဆောင်ရွက်မည့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို JICA ၏ ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများက အဓိကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ခရီးသည်တွေက ရန်ကုန်-မန္တလေး လမ်းမမှာ ဒီစီမံကိန်းကြီး ပြီးသွားတဲ့အခါမှာ ရှစ်နာရီလောက်ပဲ ပြေးပြီးတော့ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ လုံးဝအသံမကြားရဘဲ ငြိမ်ငြိမ်လေးစီးသွားပြီးတော့ ဘေးအန္တရာယ်ကင်းကင်းနဲ့ လုပ်ပေးနိုင်မယ့် စီမံကိန်းကြီးဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့တိုင်းပြည်နဲ့ ကျွန်တော်တို့ ခရီးသည်တွေအပေါ်မှာ အများကြီး အကျိုးပြုပေးနိုင်တဲ့စီမံကိန်းကို ဒီနေ့ စာချုပ်နဲ့ လုပ်ငန်းကြီးကို စတင်လိုက်တယ်လို့ ပြောလို့ရတယ်” ဟု အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောကြားသည်။

JICA မှ Kotaro NISHIGATA က “ဂျပန်နည်းပညာတွေနဲ့ ဂျပန်ကန်ထရိုက်တာတွေ ဆောင်ရွက်မှာပါ။ အဲဒီမှာ မြန်မာအင်ဂျင်နီယာတွေ ပူးပေါင်းဆောင်ရွက်တဲ့အတွက် သူတို့လည်း အတွေ့အကြုံတွေ ရသွားမှာပါ။ ရထား တိုးတက်ခြင်းတွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent