ကလေးသူငယ်များကဲ့သို့ ကာကွယ်နိုင်စွမ်း နည်းပါးသည့်အတွက် မသန်စွမ်းများအပေါ် မုဒိမ်းမှု ကျူးလွန်သူများအား အမြင့်ဆုံး ပြစ်ဒဏ်ပေးရန် မသန်စွမ်းသူများ တိုက်တွန်း

ကလေးသူငယ်များကဲ့သို့ ကာကွယ်နိုင်စွမ်း နည်းပါးသည့်အတွက် မသန်စွမ်းများအပေါ် မုဒိမ်းမှု ကျူးလွန်သူများအား အမြင့်ဆုံး ပြစ်ဒဏ်ပေးရန် မသန်စွမ်းသူများ တိုက်တွန်း
Published 26 August 2018

မုဒိမ်းမှုကျူးလွန်ခံရသည့် မသန်စွမ်းများမှာ ကလေးသူငယ်များကဲ့သို့ ကာကွယ်နိုင်စွမ်း နည်းပါးသည့်အတွက် မသန်စွမ်းများအပေါ် မုဒိမ်းမှုကျူးလွန်သူများကို အမြင့်ဆုံး ပြစ်ဒဏ်ပေးရန် မသန်စွမ်းသူများက တိုက်တွန်းသည်။

သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သော မသန်စွမ်းသူများအပေါ် ရာဇဝတ်မှု ကျူးလွန်မှုများ၊ အကြမ်းဖက်မှုများနှင့် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ လေ့လာချက် အစီအရင်ခံစာ (၂၀၁၇-၂၀၁၈) သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို သွားခဲ့ပါတယ်။ လွှတ်တော်ကို ကျွန်တော်တို့ အကြံပြုချက်တွေ ပေးတယ်။ အစိုးရနဲ့ ပတ်သက်ပြီးတော့ အကြံပြုချက်တွေကို ကျွန်တော်တို့ စာအုပ်ထဲမှာ ထည့်ရေးထားပါတယ်။  လူမှုဝန်ထမ်းတို့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ကို ပို့ဖို့လုပ်ပါပြီ။ ကျွန်တော်တို့ အဓိကပေးခဲ့တာက မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးသူငယ်များကဲ့သို့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း နည်းပါးတဲ့အတွက် သက်ငယ်မုဒိမ်းကို ကာကွယ်တဲ့ ဥပဒေကဲ့သို့ မသန်စွမ်း အမျိုးသမီးများကို မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်သည့် အမြင့်ဆုံးပြစ်ဒဏ် အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ကျွန်တော်တို့ တိုက်တွန်းခဲ့တယ်” ဟု မသန်စွမ်းသူများအရေး လှုပ်ရှားသည့် I School - Myanmar မှ စီမံကိန်းဒါရိုက်တာ ကိုရဲဝင်းက ပြောကြားသည်။

အစီအရင်ခံစာနှင့် ပတ်သက်၍ ၂၀၁၇-၂၀၁၈ အတွင်း မသန်စွမ်းသူများအပေါ် မုဒိမ်းမှု ကျူးလွန်ခြင်းများမှာ ဖြစ်စဉ် ၄၀ ဝန်းကျင် ရှိခဲ့သော်လည်း ကာယကံရှင်များ၏ ခွင့်ပြုချက် မရရှိခြင်းတို့ကြောင့် ဖော်ပြနိုင်ခြင်း မရှိခဲ့ဘဲ ကာယကံရှင်များထံမှ ခွင့်ပြုချက်ရရှိသောအမှု ၂၅ မှုသာ ဖော်ပြနိုင်ခဲ့ကြောင်း၊ ယင်းတို့ထဲတွင် ဉာဏ်ရည်မသန်စွမ်း၊ သူငယ်နာအကြောတင်း၊ လမ်းမလျှောက်နိုင်၊ စကားမပြောနိုင် စသည်တို့ ခံစားနေရကာ မသန်စွမ်းမှု ပြင်းထန်သော အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို ၈၁ နှစ်အရွယ် အဘိုးဝမ်းကွဲက မုဒိမ်းပြုကျင့်မှု၊ ဉာဏ်ရည်မသန်စွမ်းနှင့် ပိုလီယိုရောဂါကို တစ်ပြိုင်နက် ခံစားနေရသည့် ၁၅ နှစ်အရွယ် မသန်စွမ်း အမျိုးသမီးကို အသက် ၈၅ နှစ်ရှိ (တောထွက်) ဘုန်းကြီးက မုဒိမ်းကျင့်မှုတို့အပြင် မသန်စွမ်း အမျိုးသမီး၏ပေါင်ကို ဓားဖြင့်ထောက် ခြိမ်းခြောက်ကာ မုဒိမ်းပြုကျင့်သည့် အမှုများနှင့် အခြားအမှုများလည်း ပါဝင်သည်။

မသန်စွမ်းသူများ မုဒိမ်းကျင့်ခံရမှုများတွင် ပြုကျင့်သူများက ပြန်တိုင်ရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုမှာ ၁၅ မှုရှိခဲ့ပြီး ငွေကြေးဖြင့်ညှိနှိုင်းမှု သုံးမှု၊ မည်သူ့မှမပြောဘဲ လျှို့ဝှက်ထားမှု ၂၄ မှုတွေ့ရကြောင်း သိရသည်။

“သန်စွမ်းသူတွေတောင်မှ အခုတိုင်းပြည်မှာ ဘဝလုံခြုံမှုမရှိဘူး။ တရားဥပဒေ မစိုးမိုးတဲ့ အတွက်ကြောင့် မသန်စွမ်းသူတွေဆို ပိုပြီးတော့ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ ကြီးပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ဥပဒေရဲ့ အကာအကွယ်တွေ ရရှိဖို့အတွက်ကို အိုင်တီရဲ့ အားသာချက်ကို အသုံးပြုဖို့က အရေးကြီးလာတဲ့အချိန် ဖြစ်လာတယ်” ဟု I School - Myanmar မှ ဒါရိုက်တာ ဦးစိုးထွန်းက ပြောကြားသည်။

အစိုးရက ကောက်ယူခဲ့သည့်၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်းရှိသည်။

 

Most Read

Most Recent