တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်းတို့ ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာလအတွင်း ပြုလုပ်မည်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်းတို့ ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာလအတွင်း ပြုလုပ်မည်
Published 18 August 2018

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်းတို့ ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲအား ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင်  Dream Lover  တီးဝိုင်း၊ ဂီတကဗျာသံစုံတီးဝိုင်းတို့က ပါဝင်ပံ့ပိုးတီးခတ်ပေးမည်ဖြစ်ကာ တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က တေးသီချင်းများစွာအား ပါဝင်ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။

“တစ်ကိုယ်တော်ပွဲကို ထူးထူးခြားခြားအနေနဲ့  Orchestra ရယ်၊ Dream Lover Band ရယ် ပေါင်းပြီးတင်ဆက်ဖို့ ရှိပါတယ်။ ဒီပွဲကို အချိန်ယူစီစဉ်သွားမှာဖြစ်သလို ထူးခြားတဲ့တင်ဆက်မှုတွေ၊ ဂီတအရသာတွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေ မျှဝေသွားမှာပါ” ဟု တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်သည် သံစုံတီးဝိုင်းနှင့်တွဲဖက်ကာ ဖျော်ဖြေပွဲပြုလုပ်မည့် အကြောင်းအား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်မျှဝေပေးထားသည်။ စိုင်းစိုင်းခမ်းလှိုင်သည် နှစ်စဉ်တိုင်းတွင် မွေးနေ့ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် မွေးနေ့ဖျော်ဖြေပွဲအား ကျင်းပလေ့ရှိကာ ယခုနှစ်တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ အစဉ်အလာမပြတ်ကျင်းပခဲ့ပြီး ဖြစ်သည်။  ယခုနှစ်တွင် ထူးထူးခြားခြား နောက်ထပ်တစ် ကိုယ်တော်ဖျော်ဖြေပွဲတစ်ပွဲအဖြစ် Dream Lover  တီးဝိုင်း၊ ဂီတကဗျာ သံစုံတီးဝိုင်းတို့ နှင့် တွဲဖက်တင်ဆက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခုနှစ်ပိုင်းအတွင်း တေးသံရှင်များအနေဖြင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲများတွင် မိမိတို့သီဆိုခဲ့သည့် တေးသီချင်းများအား သံစုံတီးဝိုင်းဖြင့် ပုံစံပြောင်းလဲတီးခတ်ကာ ဖျော်ဖြေတင်ဆက်မှုများ ပိုမိုများပြားလာခဲ့သည်။ တေးသံရှင်ကျားပေါက်နှင့် Big Bag  တီးဝိုင်းတို့၏ သံစုံတီးဝိုင်းဖြင့် တွဲဖက်တင်ဆက်မှုမှာ ပရိသတ်အားပေးမှုများပြားခဲ့သည်။ ထို့ပြင် တေးသံရှင်ဝေလ၏ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင်လည်း သံစုံတီးဝိုင်းဖြင့် တင်ဆက်မည်ဖြစ်ကာ တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်သည်လည်း သံစုံတီးဝိုင်းဖြင့် တင်ဆက်မည့်အကြောင်းကို ကြေညာထားခြင်း ဖြစ်သည်။

၂၀၁၉ နှစ်ဆန်းပိုင်းတွင်လည်း တေးသံရှင်အိမ့်ချစ်မှ သံစုံတီးဝိုင်းနှင့် တွဲဖက်ကာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

 

Most Read

Most Recent