ဘာစီလိုနာအသင်းသည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် အသင်းခေါင်းဆောင်အဖြစ် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ရွေးချယ်လိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့်ရာသီက ဒုတိယအသင်းခေါင်းဆောင်ဖြစ်ခဲ့သော မက်ဆီသည် ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေးသို့ ပြောင်းရွှေ့သွားခဲ့သည့် အင်နီယေစတာ၏နေရာကို အစားထိုးရွေးချယ်ခံရခြင်းလည်းဖြစ်သည်။
ဘာစီၤလိုနာအသင်းသည် လာမည့်ရာသီအတွက် မက်ဆီနှင့်အတူ လာမာစီယာအကယ်ဒမီထွက်ကစားသမား(၃)ဦးကိုလည်း အသင်းခေါင်း ဆောင်များအဖြစ် ရွေးချယ်ခဲ့သည်။ ယင်းကစားသမားများမှာ ကွင်းလယ်လူ ဘူးစကွက်စ်၊ နောက်ခံလူများဖြစ်သည့် ပီကေးနှင့် ဆာဂျီရောဘတ်တိုတု့ိဖြစ်ကြပြီး ဘူးစကွက်စ်အား ဒုတိယအသင်းခေါင်းဆောင်အဖြစ်လည်းကောင်း၊ ပီကေးအား တတိယအသင်းခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဆာဂျီရောဘတ်တိုအား စတုတ္ထအသင်းခေါင်းဆောင်အဖြစ်လည်းကောင်း အသီးသီးရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ လာမာစီယာအကယ်ဒမီထွက်ကစားသမား (၄)ဦးအား အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ ၂၀၁၃-၁၄ ဘောလုံးရာသီက ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီ၊ ဘူးစကွက်စ်တို့ကိုရွေးချယ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည ်။
ဘာစီလိုနာသည် ရာသီသစ်တွင် ကွင်းလယ်လူ ရာကီတစ်နှင့် တာစတီဂန်တို့အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိမ့်မည်ထင်ကြေးပေး မှုများရှိခဲ့သော်လည်း ၎င်းတို့၏နေရာတွင် ပီကေးနှင့် ဆာဂျီရောဘတ်တိုတို့ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပီကေးသည် ၂၀၀၈ ခုနှစ်က မန်ယူ အသင်းမှ အသင်းဟောင်းဘာစီလိုနာသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိအဓိကကစားသမားအဖြစ် ပါဝင်ကစားပေးနေသူဖြစ်သည်။ စတုတ္ထအသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခံရသည့် ဆာဂျီ ရောဘတ်တိုမှာမူ ၂၀၁၀ခုနှစ်တွင် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သော်လည်း ၂၀၁၃ ခုနှစ်အထိ အသင်း၏အဓိကပွဲထွက်ကစားသမားအဖြစ် ကစားခွင့်မရခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဘာစီလိုနာအသင်း၏ ဘယ်နောက်ခံနေရာတွင် ပုံမှန်ပွဲထွက်ခွင့်ရခဲ့သော အယ်လ်ဘာသည် ၂၀၁၂ ခုနှစ်က ဗလင်စီယာအသင်းမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး ရောဘတ်တိုထက်ပင် အသင်းခေါင်းဆောင်ဖြစ်သင့်သည်ဟု သုံးသပ်မှုများရှိနေသည်။
လာမည့်ရာသီ အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသည့် မက်ဆီသည် ဘာစီလိုနာအတွက် (၁၄)ရာသီအတွင်း (၆၅၇)ပွဲပါဝင်ကစားထားပြီး (၅၅၂)ဂိုးသွင်းယူပေးထားသူဖြစ်သည်။ ထို့အပြင် နောက်ထပ်အသင်းခေါင်းဆောင်များဖြစ်သည့် ဘူးစကွက်စ်(၄၈၂ပွဲ-၁၃ဂိုး)၊ ပီကေး(၄၄၆ပွဲ- ၃၉ဂိုး)၊ ဆာဂျီရောဘတ်တို (၂၀၁ပွဲ - ၇ဂိုး) စသဖြင့် အသီးသီးပါဝင်ကာ အသင်းအတွက် ကစားပေးခဲ့ကြကြောင်း သိရသည်။