မြိတ်ကျွန်းစုအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေအားလုံးမှာ ယခင်က ထိုင်းနိုင်ငံမှပိုင်ဆိုင်သော်လည်း ယခုအခါ မြန်မာလုပ်ငန်းရှင်များ ပိုင်ဆိုင်သွားပြီဖြစ်ရာ အစိုးရမှစီစဉ်ပေးသည့် တံတားကြီးရှိပါက ဆိပ်ကမ်းတွင် တင်ပေးမည်ဟု လုပ်ငန်းရှင်များပြောကြား

မြိတ်ကျွန်းစုအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေအားလုံးမှာ ယခင်က ထိုင်းနိုင်ငံမှပိုင်ဆိုင်သော်လည်း ယခုအခါ မြန်မာလုပ်ငန်းရှင်များ ပိုင်ဆိုင်သွားပြီဖြစ်ရာ အစိုးရမှစီစဉ်ပေးသည့် တံတားကြီးရှိပါက ဆိပ်ကမ်းတွင် တင်ပေးမည်ဟု လုပ်ငန်းရှင်များပြောကြား
Published 4 August 2018

မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးကြီးကို တွေ့ရစဉ်

မြိတ်ကျွန်းစုအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေအားလုံးမှာ ယခင်က ထိုင်းနိုင်ငံမှ ပိုင်ဆိုင်သော်လည်း ယခုအခါ မြန်မာလုပ်ငန်းရှင်များ ပိုင်ဆိုင်သွားပြီဖြစ်ရာ အစိုးရက စီစဉ်ပေးသည့် တံတားကြီးရှိပါက ဆိပ်ကမ်းတွင် ရေထွက်ပစ္စည်းများ တင်ပေးမည်ဖြစ်ကြောင်း ကမ်းဝေး ရေလုပ်ငန်းရှင်များက ပြောကြားသည်။

မြိတ်ကျွန်းစုရေပြင်အတွင်း ငါးဖမ်းဆီးခြင်း လုပ်ကိုင်နေသည့် ကမ်းဝေးငါးဖမ်းလှေများမှာ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ ပိုင်ဆိုင်ထားပြီး မြန်မာလုပ်ငန်းရှင်များက အမည်ခံထားခြင်းဖြစ်ရာ ဖမ်းဆီးရမိသည့်ငါးများကို ထိုင်းနိုင်ငံသို့သာ အဓိကတင်ပို့ပေးရကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါးများမှာ နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံသို့သာ  အဓိကရောက်ရှိနေပြီး တရားမဝင်နည်းဖြင့် တင်ပို့နေမှုများလည်းရှိသည့်အတွက် အခွန်အခများစွာ ဆုံးရှုံးနေရကြောင်း သိရသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုပါ အချက်အလက်များကို လွှတ်တော်တွင် တင်ပြထားပြီး ငါးဈေးကွက်ကြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစေရန် အစိုးရပိုင်းမှ လုပ်ဆောင်ပေးရန် ဆွေးနွေးထားကြောင်း သိရသည်။

“တချို့လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါသေးတယ်။ မြိတ်ကလှေအားလုံးဟာ ထိုင်းနိုင်ငံမှ ၉၀ ရာခိုင်နှုန်းပိုင်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ၁၉၈၀ ခုနှစ်က ၁၀၀ ရာနှုန်းကို ယိုးဒယားက ပိုင်ခဲ့တယ်။ အခုမပိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက လှေရှင်တွေရဲ့ငွေတွေက ယိုးဒယားမှာ ဘယ်လောက်ရဖို့ရှိသလဲဆို သိကြပါသလား။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက သတင်းစာ တွေ၊ စာစောင်တွေမှာ ပါသွားတယ်။ နိုင်ငံတော် အကြီးအကဲတွေ၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေက ဖတ်လိုက်မယ်ဆိုရင် မြိတ်မြို့က ဘာဖြစ်သွားမလဲ။ အဲဒီတော့ ကိုယ်စားလှယ်တွေ လက်တန်းမပြောသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု တနင်္သာ ရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုးက လွှတ်တော်ကိုယ်စားလှယ်များ တင်ပြထားချက်ကို ပြန်လည်ချေပ ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရေထွက်ပစ္စည်းတင်ပို့မှုကို လက်ရှိအနေအထားအထိ ထိုင်းနိုင်ငံကိုသာ အားထားနေရပြီး ရေလမ်းခရီးဖြင့်သာ အဓိကတင်ပို့နေကြကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ပစ္စည်း တင်ပို့မှုဒေါ်လာ ၂၈၁ ဒသမ ၅၄ သန်း ရရှိခဲ့ပြီး မြန်မာကျပ်ငွေအနေဖြင့်လည်း ကျပ် သန်း ၄၃၇၄ ဒသမ ၅၀၇ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁၆၉ ဒသမ ၂၆၃ သန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂၂၁ ဒသမ ၅၅၄  သန်းရရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ဝင်ငွေတိုးလာခဲ့ကြောင်း၊ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် စစ်ဆေးရေးဂိတ်များရှိသော ငါးတင်/ငါးချ ဆိပ်ကမ်းများတွင် တင်ဆောင်ပြီး သေချာကြပ်မတ် မှတ်တမ်းတင်ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးထားခဲ့ကြောင်း သိရသည်။

“ရေလုပ်ငန်းရေးရာကော်မတီမှာ ဆွေးနွေးဖို့ တင်လိုက်တယ်။ ကျန်တဲ့သူတွေက ထောက်ခံလိုက်တယ်။ ဆိပ်ကမ်းက မရှိသေးဘူး။ တံတားကြီးရှိရင် ကျွန်တော်တို့တင်မယ်။ အားလုံးတင်ကြမယ်။ ကျွန်တော်တို့ တစ်နေ့ကို လိုင်းဖြူ ( ငါးသယ်လှေ )  ငါးစင်းလောက် ထွက်နေတယ်။ ဒီလိုထွက်နိုင်ဖို့ ဘယ်နေရာမှာ သွားတင်မလဲ။ အစိုးရကနေ လုပ်မပေးနိုင်သေးဘူး။ တကယ်လို့ လုပ်ပေးနိုင်ရင် ကျွန်တော်တို့ တင်ပေးပါ့မယ်။ တရားဝင်အစစ်ခံပြီး ထွက်မယ်။ တချို့ဟာတွေက အောက်ခြေက ရေလုပ်ငန်းသမားတွေကို ချပြဖို့လိုတယ်။ အရင်တုန်းကတော့ လွှတ်တော်အသံ ပြည်သူ့ အသံဆိုပြီး ကြားဖူးပါတယ်။ ကျွန်တော်တို့ ရေလုပ်ငန်းသမား ပြည်သူတွေက ဘာမှကို မပြောရသေးဘူး။ သူတို့ဘာသာ သူတို့ လွှတ်တော်မှာ တင်လိုက်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဘာမှမသိလိုက်ရတာမျိုးက မလုပ်သင့်ပါဘူး” ဟု ဦးသက်စိုးက ပြောကြားသည်။

လက်ရှိအနေအထားတွင် မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတွင် ငါးတင် ငါးချပြုလုပ်နိုင်သည့် တံတားကြီးရှိသည့်အပြင် ဌာနဆိုင်ရာများ အားလုံးစစ်ဆေးဆောင်ရွက်ပေးနေသည့် တံတားကြီးတစ်ခုဖြစ်ကြောင်း၊ ရေထွက်ပစ္စည်းများ ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ငါးဦးစီးမှ CC (Catch Certificate) ပါရန် လိုအပ်ပြီး CC မပါသည့် ငါးသယ်လှေများကိုလည်း ထိုင်းနိုင်ငံမှ ဝင်ခွင့် မပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ရောက်နေသည့် ငါးဈေးကွက်ကြီး ပြန်လည်ရောက်ရှိလာရန် မြိတ်မြို့ရှိ အပြည်ပြည်ငါးဈေးကြီးကို ပြန်လည်ပတ်ခွင့်ရရှိအောင် အစိုးရပိုင်းမှ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။

MIC မှ ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့် ရထားသည့် အဆိုပါငါးဈေးကြီးမှာ ဒေါ်လာ ၁၀ သန်းသာ ရင်းနှီးမြှုပ်နှံထားရသေးပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံငွေအား ပြည်တွင်းသို့ လွှဲပို့ရန် မွေး/ရေ ပြည်ထောင်စုဝန်ကြီး၏ လက်မှတ်လိုအပ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

Most Read

Most Recent