မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်သည် ဘက်စုံ၊ နယ်ပယ်စုံတွင် စိုးရိမ်ဖွယ်ရာ အလားအလာဖြစ်နေကြောင်း ဥရောပသမဂ္ဂ ထုတ်ပြန်

မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်သည် ဘက်စုံ၊ နယ်ပယ်စုံတွင် စိုးရိမ်ဖွယ်ရာ အလားအလာဖြစ်နေကြောင်း ဥရောပသမဂ္ဂ ထုတ်ပြန်
Published 4 May 2018

မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်သည် ဘက်စုံ၊ နယ်ပယ်စုံတွင် စိုးရိမ်ဖွယ်ရာ အလားအလာဖြစ်နေကြောင်း ဥရောပသမဂ္ဂမှ မေ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ယနေ့သည် ၂၅ ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို သတ်မှတ်ဂုဏ်ပြုသည့် နေ့ရက်ဖြစ်ပြီး ဒီမိုကရေစီစနစ်ရှိသည့် မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို လွတ်လပ်၍ အမှီအခိုကင်းသည့် သတင်းမီဒီယာ အမျိုးမျိုးတို့၏ မရှိမဖြစ် အရေးပါလှသည့် အခန်းကဏ္ဍကို ပြန်လည်စဉ်းစားနိုင်ရန် အခွင့်အလမ်းတစ်ရပ် ရရှိသည့် နေ့ရက်ပင်ဖြစ်ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့ ကင်းမဲ့ပါက နိုင်ငံသူနိုင်ငံသားတို့အနေဖြင့် အသိအမြင် ကြွယ်ဝစွာဖြင့် တက်တက်ကြွကြွ ပါဝင်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်း၌ သတင်းလွတ်လပ်ခွင့် ပေါ်ပေါက်လာစေရေး၊ လက်ရှိမြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လက်အကောင်အထည်ဖော်ရာတွင် လွတ်လပ်သော သတင်းမီဒီယာတို့၏ အရေးပါလှသည့်ကဏ္ဍကို အီးယူနှင့် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများစွာနှင့် စပ်လျဉ်း၍ ရဲရဲဝံ့ဝံ့သတင်းပေးပို့ခဲ့ကြသည့် မြန်မာသတင်းသမားတို့၏ နိုင်ငံတကာအသိအမှတ်ပြု လုပ်ရပ်များကို ဂုဏ်ပြုခွင့်ရသည့် နေ့ရက်လည်းဖြစ်ကြောင်း၊ ၎င်းတို့သည် အခက်အခဲပြဿနာများကိုသာမက ခက်ခဲလှသည့် ပတ်ဝန်းကျင်မျိုး၌ပါ သတင်းရယူ ပေးပို့ကြကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ လေ့လာစုံစမ်းမှုပြုလုပ်စဉ် အဖမ်းခံခဲ့ရသူ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ဆက်လက်ထိန်းသိမ်း၍ တရားစွဲဆိုထားခြင်းအတွက် ကျွနု်ပ်တို့အနေဖြင့် လွန်စွာစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန် ကျွနု်ပ်တို့အနေဖြင့် ထပ်လောင်း၍ နှိုးဆော်တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ၌ မီဒီယာလွတ်လပ်ခွင့်အတွက် ဘက်စုံနယ်ပယ်စုံ အနေအထားသည် စိုးရိမ်ဖွယ်ရာ ကျဉ်းမြောင်းလာသည့် အလားအလာရှိနေပါကြောင်း၊ သတင်းသမားများအား ဥပဒေအကာအကွယ်ပေးရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ဖြစ်စေရန် မြန်မာနိုင်ငံ၏ တရားဥပဒေဆိုင်ရာ မူဘောင်အား ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent