တရုတ်-မြန်မာ စီးပွားရေးစြင်္ကံတစ်လျှောက် အကောင်အထည်ဖော်လိုသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဦးစားပေးအဆင့်သတ်မှတ်ရန် ဆွေးနွေး

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံတစ်လျှောက် အကောင်အထည်ဖော်လိုသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဦးစားပေးအဆင့်သတ်မှတ်ရန် ဆွေးနွေး
Published 29 April 2018

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံတစ်လျှောက် အကောင်အထည်ဖော်လိုသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဦးစားပေးအဆင့်သတ်မှတ်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ စီမံကိန်းအတွင်းရှိ အခြေခံအဆောက်အအုံ၊ စက်မှုဇုန်များ၊ မြို့ပြစီမံကိန်းများ၊ စိုက်ပျိုးရေးဇုန်များ စသည်ဖြင့် ကဏ္ဍများတည်ဆောက်ရာ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ စီးပွားရေးစြင်္ကံစီမံကိန်းသည် OBOR စီမံကိန်း၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ခြုံပြောရရင် တရုတ်နိုင်ငံက မြန်မာနယ်နိမိတ်ကစပြီး ရန်ကုန်အထိ စြင်္ကံတွေ ဆောက်ဖို့ရှိတယ်။ အဲဒီအထဲမှာ ကဏ္ဍတွေ အများကြီးပါတယ်။ စီးပွားရေးစြင်္ကံလို့ ပြောတဲ့အတွက်ကြောင့် သူက လမ်းသက်သက်၊ အခြေခံအဆောက်အအုံ သက်သက်မဟုတ်ဘူး။ အဲဒီမှာ စြင်္ကံနဲ့ဆက်စပ်ပြီး မြို့ပြတွေပေါ်လာတာရှိမယ်။ စိုက်ပျိုးရေးဇုန်တွေ ပေါ်လာတာရှိမယ်၊ စက်မှုဇုန်တွေ ပေါ်လာတာရှိမယ်၊ နောက်ပြီး အိုင်တီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ပေါ်လာတာရှိမယ်။ ကုန်သွယ်မှုနဲ့ ဆက်စပ်ပြီး Logistics ပေါ့၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပေါ်လာတာရှိမယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တာတွေ ခရီးသွားကဏ္ဍနဲ့ ပတ်သက်တာတွေ ပါလာတာရှိမယ်။ ခြုံပြောရရင်တော့ OBOR ရဲ့ ခေါင်းစဉ်အောက်ထဲမှာ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ တည်ဆောက်သွားဖို့ရှိတယ်။ အဲဒီကို ပြီးခဲ့တဲ့လမှာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး သွားပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်းတာ အားလုံးပြီးပြတ်တဲ့အဆင့်ပေါ့။ လက်မှတ်ထိုးတဲ့ အဆင့်ကိုတော့ မရောက်သေးဘူး။ နှစ်နိုင်ငံအကြီးအကဲတွေ ဆက်လက်ညှိနှိုင်းပြီးတော့မှ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နံပါတ်တစ် ဒီစြင်္ကံရဲ့အကျိုးဆက်ပေါ့၊ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေ ပေါ်လာမယ်။ လုပ်တဲ့အပိုင်းမှာလည်း တရုတ်ကချည်း အားလုံးလာလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံသားတွေလည်းပါမယ်။ အခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ပြီးတော့ အားလုံးပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent