၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာနဝမတန်း ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲကို ၂၀၁၈ ခုနှစ် မေလပထမပတ်တွင် စစ်ဆေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာအား သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး၌ လျှောက်ထားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
အခြေခံပညာ နဝမတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) များကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍ နှစ်စဉ်မေလအတွင်း ပြုလုပ်ခြင်းဖြစ်သည်။ အဋ္ဌမတန်း စာမေးပွဲတွင် အောင်မြင်၍ဖြစ်စေ၊ နဝတန်း အတန်းတင် စာမေးပွဲတွင် ကျရှုံး၍ဖြစ်စေ ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ သို့မဟုတ် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းဆောင်နေသူများ၊ စီးပွားရေး၊ လူမှုရေး၊ ဒေသအခက်အခဲ စသည့်အကြောင်း အမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သူများ အတွက် အခြေခံပညာနှင့် အဆင့်မြင့်ပညာ ဆက်လက်လေ့လာ ဆည်းပူးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာ နဝမတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို ပြုလုပ်ခြင်းဖြစ်သည်။ နဝမတန်း ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲအတွက် စာမေးပွဲ ဖြေဆိုသူများစာရင်း ပြုစုခြင်း၊ စာဖြေဌာနများစီစဉ်ခြင်း၊ စာမေးပွဲ ကျင်းပခြင်းတို့ကို မြို့နယ်ပညာရေးမှူးများက လည်းကောင်း၊ မေးခွန်းပြုစုခြင်း၊ အဖြေလွှာ စစ်ဆေးခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်းတို့ကို ခရိုင်ပညာရေးမှူးများက လည်းကောင်း တာဝန်ယူ ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီး/မြို့နယ် ပညာရေးမှူးများက ကြပ်မတ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
“နဝမတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲကိုတော့ သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ အကျုံးဝင်တဲ့သူတိုင်း ဝင်ရောက် ဖြေဆိုနိုင်ပါတယ်။ ဖြေဆိုလိုသူတွေအနေနဲ့ မိမိရဲ့ဓာတ်ပုံ၊ ဆဋ္ဌမတန်း အောင်မြင်ပြီးကြောင်း အထောက်အထားနဲ့တကွ မိမိတို့နေထိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှာ လျှောက်လွှာတင်ရမှာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါစာမေးပွဲကို ၂၀၁၈ ခုနှစ် မေ ၂ ရက်မှစတင်ကာ မေ ၁၀ ရက်အတွင်း စစ်ဆေးမည်ဖြစ်ပြီး အောင်စာရင်းများကို မေ ၂၃ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ အခြေခံပညာ ကျောင်းတွင်းစစ် စာမေးပွဲများဖြစ်သော မူလတန်းအောက်ဆင့် သင်ရိုးဟောင်း ဒုတိယတန်း (Grade -3)၊ မူလတန်းအထက်ဆင့် တတိယတန်း (Grabe-4)၊ အလယ်တန်းအဆင့် သင်ရိုးဟောင်း ပဉ္စမတန်း (Grade-6)၊ ဆဋ္ဌမတန်း (Grade-7) နှင့် သတ္တမတန်း (Grade-8) တို့တွင် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း တစ်ရက်လျှင် တစ်ဘာသာစီအား ဘာသာရပ် တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် သင်ရိုးဟောင်း နဝမတန်း (Grade-10) အတွက် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) ကို ၂၀၁၈ ခုနှစ် ဖေ ဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် နှစ်နာရီနှုန်းဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် သင်ရိုးဟောင်း ဒသမတန်း (Grade-11) အတွက် နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဘာသာရပ် တစ်ခုလျှင် ဖြေဆိုချိန် သုံးနာရီနှုန်းဖြင့် လည်းကောင်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။