ရန်ကုန်နှင့် မန္တလေးတွင် စက်သုံးဆီဆိုင်အချို့ ဆီရောင်းချခြင်းမပြုနိုင်ဘဲ ဆိုင်အချို့တွင် တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရ

ရန်ကုန်နှင့် မန္တလေးတွင် စက်သုံးဆီဆိုင်အချို့ ဆီရောင်းချခြင်းမပြုနိုင်ဘဲ ဆိုင်အချို့တွင် တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရ
Published 31 July 2024

ရန်ကုန်နှင့် မန္တလေးတွင် စက်သုံးဆီဆိုင်အချို့ ဆီရောင်းချခြင်းမပြုနိုင်ဘဲ ဆိုင်အချို့တွင် တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဇူလိုင် ၃၁ ရက်နံနက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ ရောင်းချရန် ဆီမရှိသဖြင့် ပိတ်ထားခြင်းများရှိနေပြီး ရောင်းချရန် ဆီရှိသည့် ဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်းများရှိသည်ဟု ရန်ကုန်မြို့တွင် အဌားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

" ဆီတွေက မနေ့ကအတိုင်းပဲ။ တန်းစီဝယ်နေရတယ်။ တချို့ဆိုင်တွေ ဆိုင်သာဖွင့်ထားတယ် ရောင်းစရာဆီမရှိလို့ ရှေ့မှာ အရံအတားတွေ ချထားပြီး ပိတ်ထားတယ်" ဟု ရန်ကုန်မြို့တွင်း အဌားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ဝယ်ယူရရှိသည့် ဆီဆိုင်အချို့တွင်လည်း ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

" တစ်စီးကို သုံးသောင်းဖိုးပဲ ရောင်းပေးတဲ့ဆီဆိုင်တွေရှိတယ်။ ဘယ်လောက်ပဲ ဝယ်ဝယ် လိုသလောက်ဝယ်လို့မရဘူး" ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

အလားတူ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချနိုင်ခြင်းမရှိသလို စက်သုံးဆီရရှိသည့် ရောင်းချသောဆိုင်အချို့တွင် အချိန်ကြာမြင့်စွာ ဝယ်ယူနေရကြောင်း မြို့ခံများက ပြောကြားသည်။

"92 95 စက်သုံးဆီ မရတာ ၅ ရက်ဝန်းကျင်လောက်ရှိလာပြီ။ ရတဲ့ဆိုင်ကျတော့လည်း အချိန်ကို ၁ နာရီလောက်ကြာအောင် စောင့်ရတယ်။ သုံးဘီးမောင်းရတာဆိုတော့ စက်သုံးဆီရမှ လုပ်စားလို့ရမှာ။ စက်သုံးဆီ ထုတ်ဖို့အတွက်ကို အချိန်သပ်သပ်ပေးနေရတာ" သုံးဘီးမောင်းသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

စက်သုံးဆီရရှိသော ဆိုင်အချို့ ရောင်းချရာတွင် ဆိုင်ကယ်တစ်စီးလျှင် ၃၀၀၀ ကျပ် ၇၀၀၀ ကျပ်၊ ကားတစ်စီးလျှင် ၃၀၀၀၀ ကျပ် ၅၀၀၀၀ ကျပ် ငွေသတ်မှတ်ကာရောင်းချနေကြရကြောင်း သိရသည်။

"မန္တလေးမှာ စက်သုံးဆီ ဝယ်ရတာခက်နေလို့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဝယ်ရတယ် လွယ်တယ်ဆိုလို့ တံတားဦးမြို့နားရှိတဲ့ ဆီဆိုင်လာထည့်တာ လာတန်းတဲ့သူတွေက ကိုယ့်ထက်စောတယ်။ တန်းစီတဲ့သူတွေ ဆိုင်ကယ်တွေ ကားတွေအများကြီးပဲ" ဟု ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် စက်သုံးဆီမရသည့် ဆိုင်များမှာ အများစုပိတ်နေကြပြီး၊ စက်သုံးဆီရသည့်ဆိုင်မှာ အနည်းငယ်သာ ရှိခြင်းကြောင့် စက်သုံးဆီရသည့်ဆိုင်အချို့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ အချိန်ကြာမြင့်စွာ တန်းစီစနစ်ဖြင့် ဝယ်ယူနေကြရကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၆၃၀၊ ၉၅ တစ် လီတာ ကျပ် ၂၇၅၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၇၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၃၆၅ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent