ရီးယဲလ်အသင်းတိုက်စစ်ပိုင်းတွင် ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ ဘယ်လင်ဂမ်တို့နှင့်အတူ တိုက်စစ်မှူးသစ် ဘာပေ တွဲဖက်ကစားရန် ပြဿနာမရှိကြောင်း အန်ဆယ်လော့တီ ပြောကြား

ရီးယဲလ်အသင်းတိုက်စစ်ပိုင်းတွင် ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ ဘယ်လင်ဂမ်တို့နှင့်အတူ တိုက်စစ်မှူးသစ် ဘာပေ တွဲဖက်ကစားရန် ပြဿနာမရှိကြောင်း အန်ဆယ်လော့တီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 27 July 2024

 

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းတိုက်စစ်မှူးသစ် ဘာပေ အနေဖြင့် အသင်းတိုက်စစ်ပိုင်းတွင် ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ ဘယ်လင်ဂမ်တို့နှင့်အတူ အကောင်းဆုံးတွဲဖက်ကစားနိုင်ရန် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ရာသီကုန်တွင် PSG အသင်းနှင့်လမ်းခွဲခဲ့သည့် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူကာ ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ရီးယဲလ်မက်ဒရစ် အသင်းသည် ဇူလိုင် ၁၆ ရက်က ဘာပေအား အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲကို ၎င်းတို့၏အိမ်ကွင်း ဘာနေဗျူးတွင် ပြုလုပ်ခဲ့ရာ ပရိသတ် ၈၀၀၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦး ဖြစ်သည့် ဘာပေအား ခေါ်ယူနိုင်ခဲ့သဖြင့် အသင်း၏လူစာရင်းမှာ ဥရောပထိပ်တန်း ကလပ်အသင်းများထဲတွင် အတောင့်တင်းဆုံးအဖြစ် သတ်မှတ်ခံထားရသည်။ 

သို့သော် ဘာပေ ရောက်လာရှိခြင်းကြောင့့် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ ဘယ်လင်ဂမ်တို့ဖြင့် အထိုင်ကျခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်ပိုင်းတွင် ပြဿနာပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများလည်း မြင့်တက်နေသည်။ ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်း အနေဖြင့် ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများကို ရရှိခဲ့ရာတွင် အသင်းတိုက်စစ်ကို ဦးဆောင်ခဲ့ကြသည့် ဗင်နီစီယပ်စ်၊ ရိုဒရီဂိုနှင့် ဘယ်လင်ဂမ်တို့ ခြေစွမ်းပြမှုမှာ အဓိကနေရာမှ ပါဝင်ခဲ့သည်။ ဘာပေသည် PSG အသင်းတွင်သာ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ဘယ်တောင်ပံတိုက်စစ်နေရာတွင် ကစားလေ့ရှိသူဖြစ်ပြီး လက်ရှိ ရီးယဲလ်အသင်းတွင် ဗင်နီစီယပ်စ်က အဆိုပါနေရာတွင် ခြေစွမ်းပြလျက်ရှိသည်။ 

ဘာပေ ရောက်ရှိလာခြင်းကြောင့် ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်ကို ဦးဆောင်ခဲ့ကြသည့် ရိုဒရီဂို၊ ဗင်နီစီယပ်စ်နှင့် ဘယ်လင်ဂမ်တို့ထဲတွင် ရိုဒရီဂို နေရာပျောက်နိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။ ထို့ပြင် ဘာပေအနေဖြင့် ဘယ်တောင်ပံတွင် ဗင်နီစီယပ်စ် ခြေစွမ်းပြနေခြင်းကြောင့် အထောင်တိုက်စစ်မှူးအဖြစ်သာ ကစားရဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ ဘာပေ ရောက်လာခြင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ပြဿနာဖြစ်စေလိမ့်မည်ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောကြားထားသော်လည်း အန်ဆယ်လော့တီက ဘာပေအနေဖြင့် အသင်းတိုက်စစ်တွင် ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်၊ ရိုဒရီဂိုတို့နှင့်အတူ အကောင်းဆုံး တွဲဖက်ကစားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အန်ဆယ်လော့တီက "ဘာပေက တိုက်စစ်မှာ တောင်ပံထွက်ပြီး ကစားတာကို ကျွန်တော် မြင်ဖူးပါတယ်။ တိုက်စစ်ကောင်းတစ်ခုမှာ အရေးအကြီးဆုံးက ရွေ့လျားကစားတာလို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ ပြီးခဲ့တဲ့ရာသီ ဗင်နီစီယပ်စ် ဘယ်နေရာ ကစားသလဲလို့ မေးမယ်ဆိုရင် ခင်ဗျားအနေနဲ့ အတိအကျပြောဖို့ ခက်ပါလိမ့်မယ်။ ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘယ်တောင်ပံတစ်လျှောက်လုံးမှာ ကစားခဲ့သလို တစ်ခါတလေ ကွင်းလယ်မှာလည်း ကစားခဲ့ပါတယ်။ ဘယ်လင်ဂမ်ဆိုရင်လည်း တစ်ခါတလေ ကွင်းလယ်မှာ ကစားပြီး တစ်ခါတလေ ဘယ်တောင် ပံထွက်ပြီး ကစားတာမျိုးတွေ ရှိပါတယ်။ ရိုဒရီဂိုကတော့ ပြီးခဲ့တဲ့ရာသီက ညာတောင်ပံမှာ အများဆုံးကစားခဲ့တယ်။ ဒါပေမဲ့ သူ ဘယ်တောင်ပံကိုလည်း ရောက်သွားတာပဲလေ။ တိုက်စစ်မှာ ရွေ့လျားကစားနိုင်ဖို့ပါပဲ။ လက်ရှိ အသင်းတိုက်စစ်ပိုင်းမှာ ဘာပေကို အံဝင်အောင် ကစားခိုင်းဖို့ မခက်ပါဘူး။ သူကိုယ်တိုင်ကလည်း အသင်းနဲ့အံဝင်အောင် ကြိုးစားမယ်လို့ ပြောထားတာပါ။ အဓိကလိုအပ်ချက်က ဒါပါပဲ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent