လိုတိုရှင်းစီးပွားရေးသုတ (၁၂၁ - ၁၂၅ )

လိုတိုရှင်းစီးပွားရေးသုတ (၁၂၁ - ၁၂၅ )
Published 14 July 2024
စောနိုင် (အသုံးချဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၁၂၁)

ငွေပူ (Hot Money)

  ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်းသို့ စီးဝင်လာသည့် ကာလတိုရင်းနှီးမြှုပ်နှံမှု ငွေများကို ငွေပူများဟု ရည်ညွှန်းပြောလေ့ရှိသည်။ ထိုငွေများသည် အချိန်တိုအတွင်း စီးပွားရေး အဆောက်အအုံတစ်ခုအတွင်းသို့ စီးဝင်လာနိုင်သကဲ့သို့ လျင်လျင်မြန်မြန် ပြန်လည်စီးထွက်မှုများလည်းရှိနိုင်သည်။ နိုင်ငံရပ်ခြားမှငွေကြေးစျေးကစားသူများ က  

ငွေပူများကို ဒေသတွင်းရှိ စတော့စျေးကွက်များ၊ နိုင်ငံခြားငွေကြေးစျေးကွက်များတွင် ထည့်သွင်းမြှုပ်နှံ၍ ကိုင်တွယ်ထိန်းချုပ်ထားကြသည်။ ၎င်းတို့သည် စျေးကွက် အတွင်းစျေးနှုန်းနှင့် စျေးကွက်အခြေအနေ အနည်းငယ်မျှ အတက်အကျအပြောင်းအလဲရှိရုံမျှဖြင့် အမြတ်အစွန်းရရှိနိုင်ရန် ထိုငွေများကို စျေးကွက်တစ်ခုမှတစ်ခုသို့ အလျှင်အမြန် ရွှေ့ပြောင်းမှုများလည်း ပြုလုပ်တတ်ကြသည်။ 

          ငွေပူဟု သတ်မှတ်ထားသော ငွေကြေးများစီးဆင်းမှုသည် အလွန်အမင်းမတည်ငြိမ်သည့် အခြေအနေမျိုး ရှိတတ်သည်။ ထို့ကြောင့် ထိုငွေကြေးများသည်  နိုင်ငံတစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးနိုင်ခြင်းရှိ၊ မရှိ ဆွေးနွေးပြောဆိုရာတွင်အချေအတင် ငြင်းခုံစရာများရှိနေသည်။ အချို့ကလည်း ထိုသို့ဝင်ရောက်လာသော ငွေကြေးများသည် ပြည်တွင်းလုပ်ငန်းများ အရင်းအနှီးအတွက် အထောက်အကူဖြစ်စေသဖြင့် ငွေပူများ လက်ခံရရှိသည့်နိုင်ငံများအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိလာသည်ဟုလည်း ပြောဆိုကြသည်။  

          ထိုငွေပူများစီးဆင်းမှု အတက်အကျမြန်ဆန်ခြင်းသည် စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို မတည်မငြိမ် ဖြစ်ပွားလာစေနိုင်သည်။ ထိုငွေများကို    ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် လုံလောက်သော အစားထိုးရင်းနှီးမြှုပ်နှံမှုအဖြစ်လည်း အားထားနိုင်မည်မဟုတ်ပေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏   ငွေပူများကို ပြန်လည်ထုတ်ယူခဲ့သောကြောင့် ငွေကြေးအကျပ်အတည်းကြီးမားစွာဖြစ်သွားခဲ့ရသည့်အခြေအနေကို ထိုင်းနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများ၌ ၁၉၉၀ ပြည့် များ၏ ဒုတိယနှစ်ဝက်ကာလ၌ ကြုံတွေခဲ့ကြရဖူးသည်။ 

ဝေါဟာရများ

ငွေပူများ=hot  money

နိုင်ငံရပ်ခြား မှစျေးကစားသူများ=foreign speculators  

နိုင်ငံခြားငွေကြေးစျေးကွက်များ=currency markets  

ပြည်တွင်းရှိ လုပ်ငန်းများ=local businesses 

ကာလရှည်ရင်းနှီးမြှုပ်နှံမှုများ=long-term investment  

 

လိုတိုရှင်း စီးပွားရေးသုတ (၁၂၂)

နိုင်ငံတကာအကူအညီ (International Aid)

 

             နိုင်ငံတကာအကူအညီဆိုသည်မှာ ချမ်းသာသောနိုင်ငံများမှ အရင်းအမြစ်များကို ဆင်းရဲနွမ်းပါးသောနိုင်ငံများသို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။ စီးပွားရေး သဘောမဆန်သော၊ အခွင့်အရေးပေးသော သဘောသဘာဝရှိသည့် အကူအညီမျိုးဖြစ်သည်။ များသောအားဖြင့် အိုဒီအေ (ODA) ဟု အတိုကောက်ခေါ်ဝေါ်လေ့ရှိသည့် တရားဝင်ဖွံ့ဖြိုးမှုအကူအညီပုံစံမျိုးဖြစ်သည်။ ထိုအကူအညီများသည် နိုင်ငံအစိုးရများထံမှ တိုက်ရိုက်လာလေ့ရှိသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ၊ ယူအက် စ်အေအိုင်ဒီ (USAID) အဖွဲ့မှ ဖွံ့ဖြိုးဆဲနိုင်ငံများသို ့ပေးလေ့ရှိသည့် အကူအညီမျိုးကို ရည်ညွှန်းနိုင်သည်။

           နိုင်ငံတကာအကူအညီတစ်ရပ်သည် ထိုနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန် အထောက်အကူအဖြစ်လည်းကောင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများအတွက် အထောက်အကူရရှိစေရန်လည်းကောင်း ရည်ရွယ်လေ့ရှိသည်။ သို့သော်နိုင်ငံတကာအကူအညီများက ငွေကြေးဘီလျံပေါင်းများစွာ အထောက်အပံ့ကူညီမှုများကို ကျခံသုံးစွဲသော်လည်း အကူအညီအထောက်အပံ့ခံရသည့်နိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သည့် ကောင်းမွန်သောရလဒ်ဖြစ်ထွန်းမှုအနည်းငယ်သာရှိသည်ဟု ဝေဖန်မှုများလည်းရှိသည်။ ထိုအခြေအနေများကြောင့် အကူအညီအထောက်အပံ့ရ နိုင်ငံများ၏အခြေအနေမှာ ပိုမိုဆိုးဝါးလာမှုဖြစ်စေပြီး  အဂတိလိုက်စားမှုပါ ပိုမိုတွန်းအားပေးသလို ဖြစ်စေသည်ဟုလည်း ဆိုကြသည်။  

          နိုင်ငံတကာအကူအညီများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည်  ပို့ကုန်တင်ပို့နိုင်မှုကိုအားပေးခြင်း၊ အခွန်အကောက်ရငွေများ တိုးမြှင့်ရရှိစေရေး တို့ထက် အထောက်အပံ့ကူညီငွေများပေါ်တွင်သာ မှီခိုလိုစိတ်များ တိုးပွားဖြစ်ပေါ်လာသည်ဟု ထောက်ပြကြသည်။   

            နိုင်ငံတကာ အထောက်အပံ့အကူအညီများနှင့် ပတ်သက်၍ အခက်အခဲများ၊ အလွဲသုံးမှုများကဲ့သို့ ပြဿနာများ ရှိနေသော်လည်း ထိုအစီအစဉ်များကို လုံးဝဖျက်သိမ်းပစ်ရေးမှာ ပြဿနာရှိနေသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် စျေးကွက်တစ်ခုတည်းက စွမ်းဆောင်ပံ့ပိုးနိုင်စွမ်းမရှိသောကြောင့် နိုင်ငံတကာအကူ အညီများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် ဆက်လက်အရေးပါလျက်ရှိနေပေသည်။  

ဝေါဟာရများ           

တရား ဝင်ဖွံ့ဖြိုးမှုအကူအညီ=official development assistance (ODA)

ဆင်းရဲနွမ်းပါးမှု=poverty

ပညာရေး=educaiton

ကျန်းမာရေး စောင့်ရှောက်မှု=healthcare     

အဂတိလိုက်စားမှု=corruption 

 

လိုတိုရှင်း စီးပွားရေးသုတ (၁၂၃)

          ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေး (Intellectual property rights)

          ဉာဏဆိုင်ရာပစ္စည်းဆိုသည်မှာ ထုတ်ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ရန် အားထုတ်ထားသည့် တီထွင်ကြံဆမှုများ၊ ဒီဇိုင်းများနှင့် အိုင်ဒီယာများကို ရည်ညွှန်းသည်။ အခွင့်အရေးနယ်ပယ် (rights  regiime) ဆိုသည်မှာလည်း ထိုအရာများကို အကာအကွယ်ပေးနိုင်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများ ကာကွယ်မှုတွင်  စာပေ/အနုပညာမူပိုင်ခွင့် (copy right) ဆိုသည့်အရာနှင့် တီထွင်မှုမူပိုင်ခွင့် (patent) တို့မှာ လူသိများသောနည်းလမ်းနှစ်မျိုးဖြစ်သည်။    

          ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးကို ထောက်ခံသူများက ထိုအခွင့်အရေးနှင့်ပတ်သက်၍  ဆင်းရဲသောတိုင်းပြည်များတွင် လူအများကျယ်ကျယ်ပြန်ပြန့်သိရှိစေရေး  အရေးတကြီးလုပ်ဆောင်ရန်လိုသည်ဟု ဆိုကြသည်။ ထိုအခြေအနေမျိုးရှိမှသာ ထိုနိုင်ငံများရှိလူများကို တီထွင်ကြံဆလုပ်ကိုင်မှုများအတွက် အားပေး အားမြှောက်ပြုနိုင်ဖြစ်သည်။  

           ဝေဖန်သူများကလည်း ထိုအခွင့်အရေးများသည် လက်တွေ့တွင် ကြီးမားသော ကော်ပိုရေးရှင်းကြီးများကိုသာ အကျိုးဖြစ်ထွန်းမှုများစေပြီး ဆင်းရဲသောတိုင်းပြည်များမှ ပြည်သူများအတွက် ထိခိုက်မှုများပင်ဖြစ်စေနိုင်သည်ဟုထောက်ပြကြသည်။ ဥပမာအားဖြင့် အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေးပတ်သက်၍ ဆင်းရဲနွမ်းပါးသောနိုင်ငံများသို့ စျေးနှုန်းသက်သာသော ဆေးဝါးများ ရောင်းချမှုသည်  ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးကြောင့် အချိန်ကာလကြာမြင့်စွာ အကန့်အသတ်များဖြစ်ပေါ်ခဲ့ရသည်။ 

ဝေါဟာရများ

တီထွင်ကြံဆမှုများ=inventions

ဒီဇိုင်းများ=designs

အိုင်ဒီယာများ=ideas

အခွင့်အရေး နယ်ပယ်=rights  regime 

စာပေ/အနုပညာမူပိုင်ခွင့်=copy right 

တီထွင်မှု မူပိုင်ခွင့်=patent   

 

လိုတိုရှင်း စီးပွားရေးသုတ (၁၂၄)

အသုံးတန်ဖိုး (Use Value)

            ကျမ်းရိုးဘောဗေဒဘာသာရပ်တွင် အသုံးတန်ဖိုးဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုကိုရရှိရန် ဝယ်ယူစားသုံးသူက ပေးလိုသည့်တန်ဖိုး သို့မဟုတ်  ထုတ်လုပ်ရောင်းချသူက  လက်ခံနိုင်သည့်တန်ဖိုးဖြစ်သည်။ ပင်လယ်၊ သမုဒ္ဒရာကဲ့သို့ သဘာဝအရင်းအမြစ်တစ်ခု၏ အသုံးတန်ဖိုးကို ထိုပင်လယ်၊ သမုဒ္ဒရာထဲရှိ အရာများ၏တန်ဖိုးများဖြင့် ပြောဆိုနိုင်သည်။ လူ့အစားအစာအဖြစ်အသုံးပြုသည့် ပင်လယ်ထွက်ငါးများ၏စျေးနှုန်းများ၊ အဆင်တန်ဆာများအဖြစ် အသုံးများသည့် ပုလဲ၊ ယောက်သွား ကဲ့သို့ အရာများ၏စျေးနှုန်းများနှင့် ခရီးသွားလုပ်ငန်းအတွက် အသုံးပြုနိုင်ဖွယ်ရှိသော ပင်လယ်နှင့်ပတ်သက်သည့်အရာများအားလုံး၏ အသုံးပြုခစျေးနှုန်းများသည် ပင်လယ်၏ အသုံးတန်ဖိုးများပင်ဖြစ်သည်။

                တိုက်ရိုက်မဟုတ်သော အသုံးတန်ဖိုးများလည်းရှိသည်။ ကမ္ဘာကြီး၏ဂေဟစနစ်ကို ထိန်းသိမ်းပေးနိုင်ခြင်း၊ များစွာသော ဇီဝမျိုးကွဲမျိုးစုံနေထိုင်ကျက်စား ရာနေရာအဖြစ် ရှိနေခြင်းတို့သည်လည်း ပင်လယ်ကြီးတွင်ရှိနေသည့် သွယ်ဝိုက်တန်ဖိုးများဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် အစိမ်းရောင်စီးပွား ရေးပညာရှင်များကမူ သဘာဝအရင်းအမြစ်များတွင် အသုံးတန်ဖိုးထက်ပို၍ အရေးကြီးသော အသုံးမပြုတန်ဖိုး (non-use value ) များရှိနေသည်ဟု ယုံကြည်ကြသည်။  ပင်လယ်ကြီးသည် ရှားပါးသော ဇီဝမျိုးကွဲများ (ကျွန်ုပ်တို့ တစ်ခါမျှမတွေ့မမြင်ဖူးသည့်တိုင်) ပေါက်ဖွားနေထိုင်ကျက်စားရာနေရာအဖြစ်တည်ရှိနေကြောင်း သိရှိရခြင်းမှ စိတ်ကျေနပ်မှုသည်လည်း ပင်လယ်ကြီးတွင် လက်တွေ့ တည်ရှိနေသည့်တန်ဖိုးပင်ဖြစ်သည်။

                  အကယ်၍ ယခုအသက်ရှင်နေထိုင်လျက်ရှိသောသူများအတွက် တိုက်ရိုက်အကျိုးကျေးဇူးမရှိခဲ့သည့်တိုင် အနာဂတ်မျိုးဆက်များအတွက် သဘာဝ ပတ်ဝန်းကျင်ကို အမွေအဖြစ် ချန်ရစ်ထားခဲ့နိုင်သည့် တန်ဖိုးလည်း သဘာဝပတ်ဝန်းကျင်တွင်ရှိသည်။ သဘာဝပတ်ဝန်းကျင်ပေါ် တွင် စျေးနှုန်းသတ်မှတ်ခြင်းသည် တန်ဖိုးထားခြင်းသဘောဟု အပြုသဘောဆောင်၍ ကောက်ချက်ချနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသုံးပြုနိုင်သည့် တန်ဖိုးများ အလွန်တွင်ဖြစ်လာနိုင်သော ဆုံးရှုံး မှုများကို ပို၍ နားလည်သဘောပေါက်စေနိုင်သည်။ 

ဝေါဟာရများ

သဘာဝအရင်းအမြစ်များ=natural resources    

ဂေဟစနစ်=ecosystem   

အစိမ်းရောင်စီးပွားရေး ပညာရှင်များ=green economists    

အသုံးမပြုတန်ဖိုး=non-use value 

လက်တွေ့တည်ရှိနေသည့်တန်ဖိုး=existence value 

အမွေအဖြစ် ချန်ရစ်ထားခဲ့နိုင်သည့်တန်ဖိုး=bequest value  

 

 လိုတိုရှင်း စီးပွားရေးသုတ (၁၂၅)

 ပြည်တွင်းကိုသာ မှီခိုခြင်း/ မိမိကိုယ်မိမိ မှီခိုခြင်း (self-reliance)

          နိုင်ငံတစ်နိုင်ငံသည် ကုန်ထုတ်လုပ်မှုတွင် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးထက် ပြည်တွင်းဝယ်လိုအားလိုအပ်ချက်ပြည့်မီရန်ထုတ်လုပ်နိုင်ခြင်းကို မိမိကိုယ်မိမိ မှီခိုနိုင်ခြင်း သို့မဟုတ် ပြည်တွင်းကိုသာ မှီခိုခြင်းဟု ခေါ်နိုင်သည်။ ထိုနိုင်ငံမျိုးသည် လုံလောက်သော ကိုယ်ပိုင်ဝင်ငွေရှိသဖြင့် နိုင်ငံခြားရပ်ခြား အထောက်အပံ့အကူအညီများပေါ် တွင်လည်းကောင်း၊ ပြည်တွင်းရှိ လုပ်သားထုအတွက် နိုင်ငံတကာရှိ လုပ်ငန်များ၊ ကုမ္ပဏီများမှ အလုပ်အကိုင်အခွင့်အလမ်းများ ကိုလည်းကောင်း မှီခိုစရာမလိုအပ်သည့် အခြေအနေရှိသည်။

           အိုးအိမ်ကဏ္ဍ၊ ဒေသဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် အဓိကမြှုပ်နှံသည့် အိမ်တွင်းမှုစက်မှုလက်မှုလုပ်ငန်းငယ်လေးများသည် နိုင်ငံအနှံ့ ကွန်ရက်သဖွယ် ဆက်စပ်တည်ရှိနေတတ်သည်။ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ရေးအတွက် အသေးစားငွေကြေး အရင်းအနှီးများ ဖြည့်ဆည်းပံ့ပိုးပေးခြင်းဖြင့်လည်း လူအများ၏ ဝင်ငွေတိုးတက်ရရှိရေး အတွက် အကူအညီဖြစ်စေသည်ကို တွေ့ရသည်။

          အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ခေါင်းဆောင်ကြီး ဂန္ဒီ၏  အိန္ဒိယနိုင်ငံ “ပြည်တွင်းကိုမှီခိုရပ်တည်နိုင်ရေး” အယူဝါဒကို အားပေးမြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း တွေ့နိုင်သည်။ ဂန္ဒီက အိန္ဒိယနိုင်ငံသည် ဗြိတိသျှနိုင်ငံပေါ်တွင် မှီခိုလွန်းသည်ဟု ယူဆခဲ့သည်။ ထိုကြောင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများကိုထောက်ခံအားပေးရန်အတွက် ၎င်းကိုယ်တိုင်ပင်လျှင် ပြည်တွင်းထုတ်ချည်ထည်အဝတ်အစားများကိုသာ ဝတ်ဆင်အသုံးပြုခဲ့သည်။ မိမိကိုယ်မိမိမှီခို နေထိုင်ခြင်းသည် ဘဝတွင် ရိုးစင်းစွာနေထိုင်လျက်၊ စားသုံးမှုကိုလျှော့ချခြင်းဖြစ်ပြီး ဘဝနေထိုင်မှုအတွက်သာမက စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားရေး အလေးထားမှုအတွက်လည်း များစွာအထောက်အကူဖြစ်စေသည်ဟု ဆိုသည်။

ဝေါဟာရများ

ပြည်တွင်းဝယ်လိုအား=local demand 

မိမိကိုမိမိ မှီခိုနိုင်ခြင်း=self-reliance 

နိုင်ငံတကာရှိလုပ်ငန်များ၊ ကုမ္ပဏီများ=global companies

အိမ်တွင်းမှုစက်မှုလက်မှုလုပ်ငန်းငယ်လေးများ=cottage industries 

 အသေးစားငွေကြေး အရင်းအနှီးများ=microcapital

 ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ=local industries                                                                            

 

 

 

 

 

 

Most Read

Most Recent