ဆော်ဒီသို့ပြောင်းရွှေ့ဖွယ်ရှိနေသည့် ကက်စီမီရို၏နေရာတွင် အစားထိုးရန်အတွက် PSG ကွင်းလယ်ကစားသမား အူဂါတေးကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စား

ဆော်ဒီသို့ပြောင်းရွှေ့ဖွယ်ရှိနေသည့် ကက်စီမီရို၏နေရာတွင် အစားထိုးရန်အတွက် PSG ကွင်းလယ်ကစားသမား အူဂါတေးကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စား
Photo: SPORTbible
Photo: SPORTbible
Published 27 June 2024

မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည့် အသင်းဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရို၏နေရာတွင် အစားထိုးရန်အတွက် PSG ကွင်းလယ်ကစားသမား အူဂါတေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

အသက် (၃၂) နှစ်အရွယ်ရှိ ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရိုသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုနွေတွင် ဆော်ဒီသို့ ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီကုန်တွင် နောက်ခံကစားသမား ဗာရန်း၊ တိုက်စစ်မှူး မာစီယဲလ်တို့နှင့်လမ်းခွဲထားပြီး အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ကက်စီမီရိုကိုလည်း ယခုနွေရာသီတွင် ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

မန်ယူအသင်းအနေဖြင့် ကက်စီမီရိုအား ရောင်းထုတ်ဖြစ်ခဲ့ပါက ၎င်း၏နေရာတွင် အစားထိုးရန် အူဂါတေးကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။

အသက် (၂၃) နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်ကွင်းလယ်ကစားသမား အူဂါတေးသည် ၂၀၂၃ နွေရာသီကမှ စပို့တင်းလစ္စဘွန်းမှ PSG အသင်းထံသို့ ပေါင်(၅၁)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အူဂါတေးသည် ပြီးခဲ့သည့်ရာသီက PSG အသင်းတွင်  ပြိုင်ပွဲစုံ (၂၅) ပွဲသာ ကစားခဲ့ရသည်။

PSG အသင်းအနေဖြင့် အူဂါတေးအား  ပေါင်သန်း (၅၀) ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။ 

Most Read

Most Recent