ဂွါဒီယိုလာ ထွက်ခွာသွားမည်ကို စိုးရိမ်ကြောင်း မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဖိုဒန် ဝန်ခံ

ဂွါဒီယိုလာ ထွက်ခွာသွားမည်ကို စိုးရိမ်ကြောင်း မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဖိုဒန် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 25 May 2024

 

မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဖိုဒန်က အသင်းမှ နည်းပြ ဂွါဒီယိုလာ ထွက်ခွာသွားမည်ကို စိုးရိမ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် ၅၃ နှစ်အရွယ်ရှိ စပိန်လူမျိုး နည်းပြ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့သည်။ မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဂွါဒီယိုလာ၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက် တမ်းတိုးရန် မသေချာသေးကြောင်း သိရှိရသည်။ 

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ကိုင်တွယ်သည့် ရှစ်နှစ်အတွင်း ပရီးမီးယားလိဂ် ခြောက်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာ ရယူပေးထားပြီး အသင်းသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်လျက်ရှိသည်။ နောက်ပိုင်းနှစ်များတွင် ဂွါဒီယိုလာ၏ အဓိကပြိုင်ဘက်ဖြစ်သူ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်မှာ လီဗာပူးလ်အသင်းမှထွက်ခွာသွားခဲ့ရာ ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

ထို့ကြောင့် ဖိုဒန်က မန်စီးတီးအသင်းမှ ဂွါဒီယိုလာ ထွက်ခွာသွားမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖိုဒန်က "ဂွါဒီယိုလာ ဘယ်လိုတွေးတယ်၊ ဘယ်လိုစဉ်းစားတယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ တကယ်လို့ မန်စီးတီးအသင်းကနေ သူ ထွက်ခွာသွားမယ်ဆိုရင် ထူးဆန်းပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ အနာဂတ်ကို အများကြီး ကြိုမတွေးချင်ပါဘူး။ တခြားအသင်းကနည်းပြ ထွက်ခွာသွားတာကို မြင်ရတာနဲ့တင် ဒါက စိတ်ရှုပ်စရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဖိုဒန်သည် ဂွါဒီယိုလာလက်ထက်တွင် မန်စီးတီးအသင်း၌ ပွဲထွက်ခွင့်ရခဲ့ပြီး ဥရောပတွင် တောက်ပလာသူဖြစ်သည်။ 

Most Read

Most Recent